နေပြည်တော်၊  မတ်  ၂၂

 

ဥပဒေရေးရာဝန်ကြီးဌာန နေပြည်တော်တွင် တာဝန်ထမ်းဆောင်လျက်ရှိကြသော အရာထမ်း၊ အမှုထမ်းများကို ၂၀၂၄ ခုနှစ်၊ မဟာသင်္ကြန်ကာလအတွက် ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက မြေညီထပ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက မဟာသင်္ကြန် ကာလအတွင်း အရာထမ်း၊ အမှုထမ်းများအနေဖြင့် နှစ်ဟောင်းကာလကို ပြန်လည်သုံးသပ်၍ မိမိအတွက်၊ မိမိပတ်ဝန်းကျင်အတွက်နှင့် တိုင်းပြည်နှင့် လူမျိုး အတွက် အကျိုးရှိစေမည့် အကြံအစည်၊ အပြောအဆို၊ အလုပ်အကိုင်များ ဆောင်ရွက်ကြရန်လိုကြောင်း၊ နှစ်ဟောင်းက အညစ်အကြေး မှန်သမျှကို ကိုယ်ရောစိတ်ပါ စင်ကြယ်သန့်ရှင်းပြီး နှစ်သစ်တွင် မိမိတို့၏ လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ဆောင်ရွက်နိုင်ကြ ပါစေကြောင်း ဆုမွန်ကောင်းတောင်းပါကြောင်း၊ အရာထမ်း၊ အမှုထမ်းများအနေဖြင့် တရားဘာဝနာ အားထုတ်နိုင်ရန်၊ ကုသိုလ်ကောင်းမှုများ ပြုလုပ်လှူဒါန်းနိုင်ရန်၊ အခြားလူမှုရေးကိစ္စများ ဆောင်ရွက်နိုင်ရန် အထောက်အပံ့ဖြစ်စေရန်အလို့ငှာ ဝန်ကြီးဌာနမှ ထောက်ပံ့ ငွေပေးအပ်ခြင်းဖြစ်ကြောင်း ပြောကြားသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ သီတာဦးနှင့် ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဒေါက်တာ ထိန်လင်းဦးတို့က ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များအား မိမိတို့ဦးစီးဌာနများရှိ အရာထမ်း၊ အမှုထမ်းများကို ထောက်ပံ့ငွေများ ပေးအပ်ချီး မြှင့်သည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်သည့် ညွှန်ကြားရေးမှူး(၁)ဦးက ထောက်ပံ့ ငွေပေးအပ်ခြင်းနှင့် ပတ်သက်၍  ဝန်ထမ်းများကိုယ်စား ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

 

အခမ်းအနားသို့ ဥပ‌ဒေရေးရာဝန်ကြီးဌာန၊ ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများ၊ အရာထမ်း၊ အမှုထမ်းများ တက်ရောက် ကြသည်။

(သတင်းစဉ်)