နေပြည်တော် မေ ၁၉

 

ဥပဒေရေးရာဝန်ကြီးဌာနသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်နှင့်အညီ ဥပဒေအသိပညာ ပြန့်ပွားရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ  နှစ်အလိုက်ဥပဒေများ၊ နည်းဥပဒေများ၊ Myanmar Law စာအုပ်၊ ဥပဒေပညာဂျာနယ်နှင့် အခြားဥပဒေစာအုပ်အမျိုးမျိုးကို ပြုစုထုတ်ဝေဖြန့်ချိလျက်ရှိသည်။ 

 

ဥပဒေပညာဂျာနယ်ကို တစ်နှစ်လျှင် နှစ်ကြိမ်ထုတ်ဝေခဲ့ရာ ဥပဒေပညာဂျာနယ် အတွဲ(၁၄)၊ အမှတ်(၂)သည် (၂၈)အုပ်မြောက်ဖြစ်ပြီး အဆိုပါဥပဒေပညာဂျာနယ် အတွဲ(၁၄)၊ အမှတ်(၂)တွင် ဂမ်ဘီယာနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား အပြည်ပြည်ဆိုင်ရာတရားရုံး ICJ တွင် ဖြေရှင်းဆောင်ရွက်လျက်ရှိသော အမှုကိစ္စနှင့်စပ်လျဉ်း၍ ကနဦးကန့်ကွက်လွှာဆိုင်ရာ ကြားနာပွဲ၌ မြန်မာကိုယ်စားလှယ်အဖွဲ့၏ လျောက်လဲချက်များ အပိုင်း(၁)အပါအဝင် ဥပဒေနယ်ပယ်အသီးသီးမှ ပညာရှင်များ၊ ဥပဒေအရာရှိများ၏ မြန်မာဘာသာ၊ အင်္ဂလိပ်ဘာသာတို့ဖြင့် ရေးသားထားသည့် ဆောင်းပါး ၁၁ ပုဒ်ကို စုစည်းဖော်ပြထားသည်။

 

ဥပဒေပညာဂျာနယ် အတွဲ(၁၄)၊ အမှတ်(၂)သည် ဥပဒေပညာဖြင့် အသက်မွေးဝမ်းကြောင်း ပြုသူများအတွက် လုပ်ငန်းဆိုင်ရာ အထောက်အပံ့တစ်ရပ်ဖြစ်စေပြီး ဥပဒေပညာစာအုပ်ကို လွယ်ကူစွာ ဖတ်ရှုလေ့လာနိုင်စေရန် ရည်ရွယ်ထုတ်ဝေထားသည့် စာအုပ်ကောင်းတစ်အုပ် ဖြစ်သည်။

 

သတင်းစဉ်