နေပြည်တော် ဒီဇင်ဘာ ၂

 

ဥပဒေရေးရာဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် Grade 11 နှင့် Grade 12 ဆရာများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း (TOT) ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် နေပြည်တော်၊ ပျဉ်းမနားမြို့၊ မင်္ဂလာဗျူဟာ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပသည်။

 

အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းဒေသကြီးဥပဒေချုပ် ဦးမြင့်အောင်နှင့် ဥပဒေအရာရှိများ၊ နေပြည်တော်ရှိ ခရိုင်ဥပဒေအရာရှိများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်/ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးများ၊ ခရိုင်/ မြို့နယ် ပညာရေးမှူးများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရာက်ကြသည်။

 

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း နိုင်ငံတော်၏ ဥပဒေရေးရာကိစ္စရပ်များကိုသိရှိပြီး စောင့်ထိန်းလိုက်နာကြရန်နှင့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈) ခုနှစ်နှင့် ရွေးကောက်ပွဲကော်မရှင်ဆိုင်ရာ ဥပဒေများကို သိရှိနားလည်ထားရန် နိုင်ငံသားတိုင်း၏ တာဝန်ဖြစ်ပါကြောင်း၊ အသက် (၁၈) နှစ် ပြည့်ပြီးသူများ သိရှိလိုက်နာနိုင်ရန် ဥပဒေဆိုင်ရာ အသိပညာရပ်များကို အခြေခံပညာ ကျောင်းများတွင် သင်ကြားပေးရန်ရည်ရွယ်ပြီး ယခုသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်းပြောကြားသည်။

 

ထို့နောက် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် တိုင်းဒေသကြီးဥပဒေချုပ် ဦးမြင့်အောင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပညာရေးမှူးရုံး ညွှန်ကြားရေးမှူး ဒေါက်တာကျော်လွင်က သင်တန်းလုပ်ငန်းစဉ်များနှင့် သင်တန်းစည်းကမ်းများကို ရှင်းလင်းပြောကြားသည်။

 

အဆိုပါ ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း (TOT) တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ မြို့နယ်ရှစ်မြို့နယ်မှ Grade 11 နှင့် Grade 12 ဆရာ၊ ဆရာမ ၂၁၀ ဦး တက်ရာက်ကြပြီး သင်တန်းကာလမှာ ဒီဇင်ဘာ ၂ ရက်မှ ၈ ရက်အထိ သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။

 

ဆက်လက်၍ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၃ ရက်တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် အကြိုလှုပ်ရှားမှုအနေဖြင့် မသန်စွမ်း အားကစားပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို နံနက် ၁၀ နာရီတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ပေါင်းလောင်းအားကစားကွင်း၌ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် မသန်စွမ်းအားကစားပြိုင်ပွဲတွင် အပြေးပြိုင်ပွဲ (အကြီးတန်းအဆင့် ကျား/မ)၊ အပြေးပြိုင်ပွဲ (အငယ်တန်းအဆင့် ကျား/မ)၊ ဝှီးချဲလ် မီတာ ၅၀ အပြေးပြိုင်ပွဲ(ကျား/မ)၊ သံလုံးပစ်ပြိုင်ပွဲ (ကျား/မ)တို့ ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးကြသည်။

 

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်မိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့နာယကနှင့် တာဝန်ရှိသူများက မသန်စွမ်းအား ကစားပြိုင်ပွဲများအလိုက် ဆုရရှိကြသည့် မသန်စွမ်း အားကစားသမားများကို ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်းသိရသည်။

 

သတင်းစဉ်

mdn