နေပြည်တော် နိုဝင်ဘာလ ၂၆
ဥပဒေရေးရာဝန်ကြီးဌာန နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ်ရုံးတို့ အကြား လက်မှတ် ရေးထိုးခဲ့သော ပူးပေါင်းဆောင်ရွက်ရေးစာချွန်လွှာအရ ဆောင်ရွက်ရေးအစီအစဉ် (၂၀၂၄-၂၀၂၅) အားအကောင် အထည်ဖော်သည့်အနေဖြင့် ဥပဒေရေးရာဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်း နိုင်ငံရှေ့နေချုပ်ရုံးတို့ ပူးပေါင်း၍ ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ ကျွမ်းကျင်သူများ၏ ဥပဒေဆိုင်ရာ ဟောပြောပွဲကို ယနေ့တွင် နေပြည်တော်ရှိ ဥပဒေရေးရာဝန်ကြီးဌာန၊ ဥပဒေအသိပညာ ပြန့်ပွားရေးသင်တန်းကျောင်း၌ ကျင်းပသည်။
ဟောပြောပွဲသို့ ဥပဒေရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ သီတာဦး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး၊ ဥပဒေရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦး၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးဦးမျိုးတင့်၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် တိုးရီ၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးအဖွဲ့ဝင် ဦးကျော်ဆန်း၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးအဖွဲ့ဝင် ဒေါက်တာခင်မောင်ဦး၊ ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဗိုလ်မှူးချုပ်မျိုးမင်း၊ ရုရှား ဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ်ရုံးမှ ပြစ်မှုဆိုင်ရာအမှုများ တရားစွဲနှင့် အမှုလိုက်ဌာန၏ ဌာနအကြီးအကဲ Mr. BAZHUTOV Sergey ဦးဆောင်သော ရုရှားဖက်ဒရေးရှင်း နိုင်ငံမှကျွမ်းကျင်ကိုယ်စားလှယ်အဖွဲ့၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်း နိုင်ငံသံရုံးမှတာဝန်ရှိသူများ၊ ဥပဒေရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ သင်တန်းသား/ သူများ တက်ရောက်ကြသည်။
အဆိုပါဟောပြောပွဲတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ သီတာဦးက ယနေ့တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ရှေ့နေချုပ်ရုံးမှ ကျွမ်းကျင်ကိုယ်စားလှယ်သုံးဦးက ဒီဂျစ်တယ်နည်း ပညာအသုံးပြု၍ ပြစ်မှုကျူးလွန်ခြင်းအပေါ် ခြေရာခံထောက်လှမ်းခြင်း အပါအဝင် နည်းပညာအသုံးပြု၍ ဂိုဏ်းဖွဲ့ကျူးလွန်သောမှုခင်းများ ကိုတိုက်ဖျက်ခြင်းနှင့်စပ်လျဉ်း၍ ကြုံတွေ့ရသည့်စိန်ခေါ်မှုများနှင့် ကာကွယ်တားဆီးခြင်း နည်းလမ်းများ၊ တရားမဝင်ဆောင်ရွက်မှုများအပေါ် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ ကာကွယ်တားဆီးရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ အဂတိလိုက်စားမှု တိုက်ဖျက်ခြင်းဆိုင်ရာ သိကောင်းစရာများကို ဘာသာရပ်အလိုက် ဟောပြောသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံရှေ့နေချုပ်ရုံးမှ ကျွမ်းကျင်ကိုယ်စားလှယ်သုံးဦးတို့က “ဒစ်ဂျစ်တယ် နည်းပညာအသုံးပြု၍ ပြစ်မှုကျူးလွန်ခြင်းအပေါ် ခြေရာခံထောက်လှမ်းခြင်း အပါအဝင် နည်းပညာ အသုံးပြု၍ ဂိုဏ်းဖွဲ့ကျူးလွန်သောမှုခင်းများကို တိုက်ဖျက်ခြင်းနှင့်စပ်လျဉ်း၍ ကြုံတွေ့ရသည့် စိန်ခေါ်မှုများနှင့် ကာကွယ်တားဆီးခြင်းနည်းလမ်းများ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ “ရုရှားဖက်ဒရေးရှင်း နိုင်ငံအတွင်း နိုင်ငံခြားနှင့်အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၏ တရားမဝင် ဆောင်ရွက်မှုများအပေါ် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ ကာကွယ်တားဆီးရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ “ရုရှားဖက်ဒရေးရှင်း နိုင်ငံ၏ အဂတိလိုက်စားမှုတိုက်ဖျက်ခြင်းဆိုင်ရာ သိကောင်းစရာ” ခေါင်းစဉ်ဖြင့်လည်းကောင်း ဟောပြောဆွေးနွေးကြရာ တက်ရောက်လာကြသူများက သိရှိလိုသည်များ ကို မေးမြန်းဆွေးနွေးကြသည်။
ဟောပြောပွဲအပြီးတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ်ရုံးမှ ပြစ်မှုဆိုင်ရာအမှုများ တရားစွဲနှင့် အမှုလိုက်ဌာန၏ ဌာနအကြီးအကဲ Mr. BAZHUTOV Sergey က ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ်ရုံးက ပေးအပ်သော Certificate ကို သင်တန်းသား/သူများကို ပေးအပ်ပြီး ဥပဒေအသိပညာ ပြန့်ပွားရေးသင်တန်းကျောင်းရှိ သရုပ်ပြတရားခွင်နှင့် E-Library များကို လှည့်လည်ကြည့်ရှုကြသည်။
ယင်းနောက် ဥပဒေရေးရာဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ရှေ့နေချုပ်ရုံးတို့အကြား “တရားရုံးများ၌ ရာဇဝတ်မှုနှင့် တရားမမှုများကို လိုက်ပါဆောင်ရွက်ရာတွင် အစိုးရရှေ့ နေများ၏ ပါဝင်ဆောင်ရွက်မှု များနှင့် အစိုးရရှေ့နေများက အီလက်ထရောနစ် သက်သေခံချက်များအား တင်သွင်းဆောင်ရွက်ခြင်း” ခေါင်းစဉ်ဖြင့် နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးပွဲကို ကျင်းပကြကြောင်း သိရသည်။
(သတင်းစဉ်)


