မန္တလေး ၁၆ မေ
မေး။ ။ လက်တလော အနုပညာ လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး သိချင်ပါတယ်။
ဖြေ။ ။ ဇာတ်ကားတွေ ရိုက်ဖြစ်နေပါတယ်။ လတ်တလော ညီမ ခရီးသွားပြီးတော့ Traveller လေး တစ်ခုရိုက်ပြီးတော့ ပြန်လာပါတယ်။ ခရီးက ပြန်လာတော့ ဇာတ်ကားတွေ ရိုက်နေပါတယ်။ မြောက်ဦးနဲ့ ငပလီ။ ဟာသထက် ဒရာမာဘက်ကို ပိုရောက်တဲ့ ပေါ့ပေါ့ပါးပါး အချစ်ဇာတ်လမ်းလေး တစ်ပုဒ် ရိုက်ထားပါတယ်။
မေး ။ ။ ဥပါဒါန် ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်ဖြစ်ခဲ့ပုံလေး ပြောပြပေးပါ။
ဖြေ။ ။ ဒီကားရိုက်မယ်ဆိုပြီး ညီမကို ဦးအောင် (ဒါရိုက်တာ ဗန်းကြီး)က လာကမ်းလှမ်းလာတဲ့အခါမှာ ညီမက script ကို မကြည့်ခင်ကတည်းက ဒီကားက ဘာသာ၊ သာသနာနဲ့ ပတ်သက်တဲ့ကားဆိုတော့ ညီမ အလွန် ရိုက်ချင်စိတ်လည်း ဖြစ်သွားတယ်။ ဒီလို ဘာသာ၊ သာသနာကားမှာ ညီမ ပါဝင်ခွင့်ရတဲ့အတွက် ဝမ်းသာပါတယ်။
မေး ။ ။ ဒီဇာတ်ကားမှာ ညီမကဘယ်လို ကာရိုက်တာမျိုးလဲ။
ဖြေ။ ။ ဒီကားမှာ ညီမ ကာရိုက်တာက လူငယ် တစ်ယောက်လည်း ဖြစ်တဲ့အတွက် သူက တက်တက်ကြွကြွနဲ့ အလုပ်လုပ်ရင် အရမ်းစိတ်အားထက်သန်တဲ့အတွက် အမှန်က သူက သဒ္ဒါတရား ထက်သန်လွန်းတယ်။ ဒါပေမယ့် သူမှားသွားတဲ့ဟာကို သူ့ကိုယ်သူ သတိမထားလိုက်မိတဲ့ ဟာမျိုး ဖြစ်သွားတဲ့အခါမှာ ကိုယ့်ကိုယ်ကို ကွန်ထရိုး မလုပ်နိုင်တော့တဲ့ ကာရိုက်တာမျိုးပေါ့။
မေး။ ။ ရုပ်ရှင် ရိုက်စဉ်မှာ အမှတ်တရ တွေရှိရင်လည်း ပြောပြပေးပါ။
ဖြေ။ ။ ဒီကားက ရိုးရိုး ချစ်ကြိုက်ကွဲညား ဖန်စီဒရာမာ ဇာတ်လမ်းမျိုး မဟုတ်ဘူး။ ဘာသာ သာသနာ နဲ့ပတ်သက်တဲ့ ကားလည်း ဖြစ်တယ်။ အဲဒီအတွက်ကြောင့် နန်းစု တစ်ခါမှမလုပ်ဖူးတဲ့ ကာရိုက်တာလည်းဖြစ်တဲ့ အတွက်ကြောင့်မို့ ဒီကားမရိုက်ကူးခင်မှာ ဒိုင်ယာလော့ခ်တွေ၊ ဖလိုးတွေကအစ ဦးအောင်က သေချာ ပြောပြတယ်။ ပြီးတော့ တရားလည်း ထိုင်ခိုင်းပါတယ်။ ခြုံငုံပြောရရင်တော့ ဒီကားရိုက်ရင်း ညီမ သာသနာပြုခွင့် ရတဲ့အတွက် ဝမ်းသာပါတယ်။ သာသနာပြုတဲ့ စိတ်နဲ့ပဲ အကောင်းဆုံး ကြိုးစားခဲ့တယ်။
မေး။ ။ ဒီဇာတ်ကားက ပရိသတ်ကို ဘယ်လို မတ်ဆေ့ချ်တွေ ပေးနိုင်မလဲ။
ဖြေ ။ ။ ဒီကားထဲမှာ သိကောင်းစရာ မတ်ဆေ့ချ်တွေ အများကြီး ပါပါတယ်။ အဲဒီထဲကမှ တစ်ခုက Main Theme ပေါ့ ဥပါဒန်။ ဒီစိတ်အစွဲကြောင့် သူ့ရဲ့ဖြစ်သွားတဲ့ စိတ်တစ်ခုအပေါ်မှာ အဲဒီစိတ်အစွဲကြောင့် ဆုတောင်း မှားသွားတာ။ အဲဒီဟာက နောက်ဘဝအထိ ပါသွားတာပေါ့။ အဲဒီရဲ့ ဆိုးကျိုးကို အဓိကပြထားတာပါ။ ဒီကားက ၁၈ ရက်နေ့ဆို ရုံတင်တော့မှာပါ။ ဒီကားလေးပို လာကြည့်ပြီး အားပေးပါလို့။ ပြီးတော့ အကြံဉာဏ်တွေလည်း ပေးပါ၊ လိုအပ်ချက်ရှိရင်လည်း ပြောပါလို့ ပြောချင်ပါတယ်။
အိမို့မို့ခိုင်