ညောင်ဦး၊ ၈ ဇန်နဝါရီ
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ဥပြန်စိုက်ကြက်သွန်နီ ခေါ် ဇော်မွှားကြက်သွန်နီ စိုက်ပျိုးတောင်သူများ တူးဖော်ရောင်းချချိန် ကြက်သွန်နီတစ်ပိဿာ ငွေကျပ် ၄၅၀ ဖြင့် ရောင်းချ နေရကြောင်း ညောင်ဦးမြို့နယ် ကြအိုကျေးရွာ ဥပြန်ကြက်သွန်နီစိုက်တောင်သူ ဦးမောင်ဌေးထံက သိရသည်။
ဥပြန်ကြက်သွန်နီ ခေါ် ဇော်မွှားကြက်သွန်နီစိုက်ပျိုးခြင်းအား ညောင်ဦးမြို့နယ် ဧရာဝတီမြစ်ရေကျပြီး မြေနုကျွန်းပေါ်ချိန် တော်သလင်းလ၊ သီတင်းကျွတ်လတို့တွင် စတင်စိုက်ပျိုးကြပြီး နတ်တော်လ၊ ပြာသိုလတို့တွင် နှုတ်သိမ်းတူးဖော် ရောင်းချလေ့ရှိကြောင်း၊ ဥပြန်စိုက်ကြက်နီ ခေါ် ဇော်မွှားကြက်သွန်နီ စိုက်ပျိုးခြင်းသည် ဆောင်းကြက်သွန်ခေါ် လှောင်ကြက်သွန်စိုက်ပျိုးခြင်းလောက် ကရိကထမများ သော်လည်း ကြက်သွန်ပေါ်ချိန်သည် ဆောင်းကြက်သွန်ခေါ် လှောင်ကြက်သွန်ရှားပါးပြီး ဈေးနှုန်းကြီးမြင့်ချိန်တွင် ပေါ်လာခဲ့ခြင်းကြောင့် ဆောင်းကြက်သွန်နီစိုက်ပျိုးသူများထက် ဥပြန်စိုက်တောင်သူများ ဈေးကွက်ပို၍ရ ရှိတတ်ပြီး တွက်ခြေကိုက်ကြောင်း ဥပြန်စိုက်တောင်သူများက ရှင်းပြသည်။
ယခုအချိန်တွင် ဥပြန်စိုက်ပျိုးကြက်သွန်များ အမြောက်အများထွက်ရှိလာပြီဖြစ်ရာ ထွက်ရှိလာသည့် ကြက်သွန်နီများအား ပခုက္ကူဈေးကွက်သို့ တစ်နေ့လျှင် ပိဿာချိန် တစ်သိန်းကျော် ဝင်ရောက်နေလျှက် ရှိကာ တစ်ပိဿာ ငွေကျပ် ၄၅၀ နှုန်း ရောင်းချနေရကြောင်း ဥပြန်စိုက်ပျိုးကြက်သွန်ပေါ်ချိန် ပခုက္ကူဈေးကွက်သို့ လာရောက်ရောင်းချသည့် ရေစကြိုမြို့နယ် ဗလဗကျေးရွာ ဥပြန်စိုက်တောင်သူ ဦးဇော်ဝင်းထံက သိရသည်။
မောင်မောင်ထိန်၊ကျောက်ပန်းတောင်း


