နေပြည်တော်  ၂၉  ဖေဖော်ဝါရီ

 

ဥပ္ပါတသန္တိစေတီတော်မြတ် (၁၂)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အကြို (၁၂၄) ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး လိုဏ်တော်အတွင်း၌ ကျင်းပသည်။

 

အခမ်းအနားတွင် နေပြည်တော် တပ်ကုန်းမြို့ ကျောင်းသစ်ပရိယတ္တိစာသင်တိုက် တိုက်အုပ်ဆရာတော် သာသနဓဇဓမ္မာစရိယ ဘဒ္ဒန္တဥက္ကဋ္ဌထံမှ ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြပြီး တာဝန်ရှိသူများက ဆရာတော်သံဃာတော်များအား ပဋ္ဌာန်းကျမ်းစာအုပ်၊ ပရိတ်အိုးများနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

 

ယင်းနောက် ဆရာတော်သံဃာတော်များက ပဋ္ဌာန်းပစ္စယုဒ္ဒေသပါဠိတော်ကို ရွတ်ဖတ်ပူဇော်ကြသည်။

 

ဖွင့်ပွဲအခမ်းအနားအပြီးတွင် ရင်ပြင်တော်ဓမ္မာရုံ၌ ဆရာတော်သံဃာတော်များက ပဋ္ဌာန်းဒေသနာတော်များကို အလှည့်ကျရွတ်ဖတ်ပူဇော်ကြသည်။

 

ဥပ္ပါတသန္တိစေတီတော် (၁၂) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အကြို (၁၂၄) ကြိမ် မြောက် အသံမစဲမဟာ ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကို မတ် ၄ ရက်အထိ ကျင်းပသွားမည့် အပြင် မတ် ၇ ရက်တွင် ဩဝါဒါစရိယ ဆရာတော်ကြီးများထံမှ (၁၅) ကြိမ်မြောက် ဩဝါဒ ခံယူခြင်း၊ မတ် ၈ ရက်တွင် ရွှေကြာသင်္ကန်းတော် ကပ်လှူခြင်း၊ ဗုဒ္ဓါဘိသေကအနေကဇာတင်ပူဇော်ခြင်း၊ ဝတ်ရွတ်ပူဇော်ခြင်းနှင့် ဆီမီး(၉၀ဝ၀) ထွန်းညှိပူဇော်ခြင်း အခမ်းအနားများကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

မျိုးသူဟိန်း