နေပြည်တော် မတ် ၂၀
ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး (၁၁) ကြိမ်မြောက် ဗုဒ္ဓါဘိသေကအနေကဇာတင် မဟာမင်္ဂလာအခမ်းအနား နှင့် ရွှေကြာသင်္ကန်းကပ်လှူပူဇော်ခြင်းမင်္ဂလာ အခမ်းအနားကို ယနေ့နံနက် ၆ နာရီခွဲက နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်လိုဏ်တော်အတွင်း၌ ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတက မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက်ဆရာတော် ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသအမှူးပြုသော ဆရာတော်သံဃာတော်များ ကြွရောက်ချီးမြှင့် တော်မူကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသူရဦးအောင်ကို၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြင့်မော်၊ ဒုတိယဝန်ကြီး ဦးကြည်မင်း၊ နေပြည်တော်ကောင်စီဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စုရှေ့နေချုပ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်တာဝန်ရှိသူများက ဥပ္ပါတသန္တိစေတီတော် လိုဏ်တော် အတွင်းရှိသည့် ကျောက်စိမ်း ဗုဒ္ဓရုပ်ပွားတော်များနှင့် မဟာဆုတောင်းပြည့်ဘုရားကြီးတို့အား ရွှေကြာသင်္ကန်းကပ်လှူပူဇော်ကြပြီး ဗုဒ္ဓရုပ်ပွားတော်များအား မြသပိတ်ဆွမ်းတော်၊ သစ်သီး၊ ပန်းမန်နှင့် သောက်တော်ရေချမ်းများ ဆက်ကပ်ပူဇော်ကြသည်။
ထို့နောက် ဆရာတော်သံဃာတော်များက ဗုဒ္ဓါဘိသေက အနေကဇာတင်၍ ဗုဒ္ဓါဘိသိက် သွန်းတော်မူကြသည်။
ယင်းနောက် ဧည့်ပရိသတ်များက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသထံမှ ကိုးပါးသီလခံယူ ဆောက်တည်ကြပြီး ဆရာတော်သံဃ တော်အရှင် သူမြတ်တို့ ရွတ်ပွားသရဇ္ဈာယ်တော်မူသော မေတ္တာသုတ် ပရိတ်တရားတော်များ နာယူကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စုရှေ့နေချုပ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများက ဆရာတော်အရှင်သူမြတ်တို့အား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့အကျိုးတော်ဆောင် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ရန်ကုန်တိုင်းဒေသကြီး သံလျှင်မြို့ မင်းကျောင်းပထမပြန် စာသင် တိုက်ဆရာတော် ဘဒ္ဒန္တစန္ဒိမာဘိဝံသထံမှ အနုမောဒနာတရားနာကြား၍ ရေစက်သွန်းလောင်း အမျှပေးဝေကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။ ညပိုင်းတွင် ဥပ္ပါတသန္တိ စေတီတော်မြတ် ကြီးအား ဆီမီးကိုးထောင်ဖြင့် ထွန်းညှိပူဇော်ကြသည်။
(သတင်းစဉ်)


