နေပြည်တော် မတ် ၁၆
နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ ၁၆-ကြိမ်မြောက်ဗုဒ္ဓပူဇနိယပွဲတော်အကြို ၁၅၅ - ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲမင်္ဂလာအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီး ရင်ပြင်တော်ဓမ္မာရုံအတွင်း၌ကျင်းပရာ ပျဉ်းမနားမြို့၊ သုခဝိဟာရသရက်ကုန်း ပရိယတ္တိစာသင်တိုက် ဆရာတော်ဘဒ္ဒန္တကေလာသနှင့် သံဃာတော်(၅)ပါး၊ ဓမ္မာစရိယကျောင်းတိုက်မှ သံဃာတော်(၆)ပါး စုစုပေါင်း (၁၂)ပါးတို့ ကြွရောက်တော်မူခဲ့ကြသည်။
အခမ်းအနားသို့ ဂေါပကအဖွဲ့ဝင်များ၊ ပုဗ္ဗသီရိမြို့နယ်သာသနာရေးမှူးနှင့် ဂေါပကအဖွဲ့ရုံး ဝန်ထမ်းများ တက်ရောက်ခဲ့ကြပြီး အခမ်းအနားမှူးက ဒေဝနိမန္တနဂါထာကို ဖတ်ကြားကာ နတ်ဗြဟ္မာများကို ပင့်ဖိတ်ခဲ့ပြီး ဆရာတော်ဘဒ္ဒန္တကေလာသထံမှ ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူဆောက်တည်ခဲ့ကြသည်။
ဆက်လက်၍ ဂေါပကအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ဆရာတော်သံဃာတော်များထံ ပဋ္ဌာန်းကျမ်းစာအုပ်နှင့် ပဋ္ဌာန်းပရိတ်အိုးများကို ဆက်ကပ်လှူဒါန်းကာ ဆရာတော်သံဃာတော်များ ဦးဆောင်၍ ပရိသတ်အားလုံးက ပဋ္ဌာန်းပစ္စယုဒ္ဒေသ ပါဠိတော်ကို သုံးကြိမ်ရွတ်ဖတ်ပူဇော်ခဲ့ပြီး "ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု" သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကိုရုပ်သိမ်းကာ အလှည့်ကျ ပဋ္ဌာနဘာဏက သံဃာတော်မှစ၍ ပဋ္ဌာန်းဒေသနာတော်များကို စတင်ရွတ်ဖတ်ပူဇော်သည်။ ယင်းနောက် ဆရာတော် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းသည်။
အဆိုပါ ၁၅၅-ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲကို မတ် ၁၆ ရက်မှ ၂၀ ရက်အထိ ၅ ရက်တိုင်တိုင် ရွတ်ဖတ်ပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်