နေပြည်တော် ဖေဖော်ဝါရီ ၂၅
နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ (၁၄၅)ကြိမ်မြောက် အသံမစဲမဟာ ပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲကို ဖေဖော်ဝါရီ ၂၅ ရက် နံနက်ပိုင်းက အဆိုပါစေတီတော်မြတ်ကြီး ရင်ပြင်တော်ရှိ ဓမ္မာရုံ၌ ကျင်းပသည်။
ဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး အခမ်းအနားမှူးက ဒေဝနိမန္တနဂါထာကို ဖတ်ကြား၍ နတ်ဗြဟ္မာများကို ပင့်ဖိတ်သည်။ ထို့နောက် တိုင်းသံဃာ့ဝန်ဆောင်၊ တပ်ကုန်းမြို့၊ ရွှေအင်းရိပ်သာ ပရိယတ္တိစာသင်တိုက် စာချနာယက သာသနာဓဇဓမ္မာစရိယ ဘဒ္ဒန္တပညာလင်္ကာရထံမှ ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြသည်။ ဆက်လက်၍ အခမ်းအနားမှူးက ပဋ္ဌာန်းရောင်ခြည်တော်ဖွင့်ဂါထာကို ရွတ်ဖတ်ပူဇော်သည်။
ထို့နောက် ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးနှင့် တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်များထံ ပဋ္ဌာန်းကျမ်းစာအုပ်၊ ပဋ္ဌာန်းပရိတ်ပန်းအိုးနှင့် ပရိတ်ရေများ ဆက်ကပ်ပူဇော်သည်။ ယင်းနောက် ဆရာတော်၊ သံဃာတော်များ ဦးဆောင်၍ ဧည့်ပရိသတ်အားလုံးက ပဋ္ဌာန်းပစ္စယုဒေသ ပါဠိတော် သုံးကြိမ်ရွတ်ဖတ်ပူဇော်ကြပြီး ဗုဒ္ဓဿာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်းကာ အခမ်းအနားကို ရုပ်သိမ်းသည်။
အခမ်းအနားသို့ တိုင်းသံဃာ့ဝန်ဆောင် တပ်ကုန်းမြို့၊ ရွှေအင်းရိပ်သာ ပရိယတ္တိစာသင်တိုက် စာချနာယက သာသနာဓဇဓမ္မာစရိယ ဘဒ္ဒန္တပညာလင်္ကာရ အမှူးပြုသော ဆရာတော်၊ သံဃာတော်များ ကြွရောက် ချီးမြှင့်တော်မူကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန် ဦးမြင့်ဦး၊ ဂေါပကအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ၊ ဧည့်ပရိသတ်များ တက်ရောက်ကြည်ညိုကြသည်။
အဆိုပါ အသံမစဲမဟာ ပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲကို ဖေဖော်ဝါရီ ၂၅ ရက်မှ မတ် ၁ ရက်အထိ ငါးရက်တိုင် ကျင်းပပူဇော်သွားမည်ဖြစ်သည်။
အောင်ကို(ပြန်/ဆက်)