ဥရောပဇုန်ကမ္ဘာ့ဖလား    ခြေစစ်ပွဲစဉ်အဖြစ်  ဇွန်  ၁၁  ရက် နံနက် ၁ နာရီ ၁၅ မိနစ်က ယှဉ်ပြိုင် ကစားခဲ့သည့် နယ်သာလန်နှင့် မော်လ်တာအသင်းပွဲစဉ်တွင်  နယ်သာလန်အသင်းက စံချိန်တင် ရှစ်ဂိုးပြတ်  အနိုင်ရရှိခဲ့သည်။  မန်ယူတိုက်စစ်ကစားသမားဟောင်း  ဒီပေးသည်  ယခုပွဲစဉ်တွင် သွင်းဂိုး  နှစ်ဂိုး    ရယူနိုင်ခဲ့သည့်အတွက် နယ်သာလန်အသင်း၏ စံချိန်တင် ဂိုးသွင်းရှင် ဗန်ပါစီ၏  သွင်းဂိုး ၅၀ စံချိန်ကို  လိုက်မီခဲ့ပြီဖြစ်သည်။ နယ်သာလန်အသင်းသည် နှစ်ပွဲကစား နှစ်ပွဲနိုင် ရမှတ် ခြောက်မှတ်ရရှိထားသည်။ ထို့အပြင် နယ်သာလန်အသင်းသည် အဆိုပါ နှစ်ပွဲတွင် ရဂိုး ၁၀ ဂိုးရှိပြီး ပေးဂိုးခွင့်ပြုပေးထားရခြင်း မရှိသေးပေ။

မော်လ်တာအသင်းသည်    ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ်    လေးပွဲယှဉ်ပြိုင် ကစားထားရာတွင် နိုင်ပွဲ ရရှိထားခြင်း မရှိသေးပေ။ အဆိုပါ လေးပွဲတွင် တိုက်စစ်က ဂိုးသွင်းယူထားနိုင်ခြင်းမရှိဘဲ ခံစစ်က ၁၁  ဂိုးအထိ  ခွင့်ပြုပေးထား ရသည်။ နယ်သာလန်အသင်းသည် လာမည့်ပွဲစဉ် အဖြစ်  စက်တင်ဘာ  ၅  ရက်တွင်  နာမည်ကြီး  ပိုလန်အသင်းနှင့်  ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

ဥရောပဇုန်ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်မှ အခြားပွဲစဉ်ရလဒ်များတွင်  ဖင်လန်က ပိုလန်ကို နှစ်ဂိုး-တစ်ဂိုး၊ ရိုမေးနီးယားက ဆိုက်ပရက်စ်ကို  နှစ်ဂိုး-ဂိုးမရှိ၊ ဩစတြီးယားက ဆန်မာရီနိုကို လေးဂိုး-ဂိုးမရှိ၊ ဆားဘီးယားက အန်ဒိုရာကို သုံးဂိုး - ဂိုးမရှိဖြင့် အသီးသီးနိုင်ပွဲရရှိခဲ့ပြီး လတ်ဗီးယားနှင့်    အယ်လ်ဘေးနီးယားအသင်းပွဲစဉ်တွင်    တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့သည်။                                                       

အောင်ဇော်