mdn

မန္တလေး ၂၃ နိုဝင်ဘာ

 

မြန်မာနိုင်ငံအတွင်း ဥရောပခရီးသွားဈေးကွက် မြှင့်တင်နိုင်ရေးအတွက် အလားအလာရှိသော နိုင်ငံများအား ဗီဇာဖြေလျော့မှုများ ထပ်မံပေး၍ ဝင်ရောက်ခွင့်ပြုနိုင်ရန် သက်ဆိုင်ရာ ဆက်စပ်ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်လျက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

 

"ခရီးသွားလုပ်ငန်း တိုးတက်ဖို့ဆိုရင် ခရီးသွားဧည့်သည်တွေ ဝင်ရောက်မှု လွယ်ကူအဆင်ပြေဖို့က အဓိကကျပါတယ်။ ဒါကြောင့် ခရီးသွားလုပ်ငန်းမှာ ပါဝင်ပတ်သက်သူတွေရဲ့ အကျိုးစီးပွား၊ ဒေသခံပြည်သူတွေရဲ့ အကျိုးစီးပွားနဲ့ နိုင်ငံရဲ့အမျိုးသား အကျိုးစီးပွားကို ထိရောက်မှုရှိစေမယ့် ခရီးသွားဧည့်သည်တွေ ပိုမိုဝင်ရောက်လာနိုင်ဖို့အတွက် ဆက်စပ်ဌာန ဆိုင်ရာတွေနဲ့ ပေါင်းစပ်ညှိနှိုင်းပြီး ဖြေလျော့မှုနဲ့ ထပ်မံဝင်ရောက်ခွင့်ပြုဖို့ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီမှာ တင်ပြထားပါတယ်။ မကြာခင်ကာလမှာ သက်ဆိုင်ရာ ဝန်ကြီးဌာနများက တရားဝင်ထုတ်ပြန်သွားမှာ ဖြစ်ပါတယ်" ဟု မန္တလေးတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစန်းယုက ပြောကြားသည်။

 

နိုင်ငံတော်အစိုးရမှ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံတကာခရီးသွားများ ပြည်တွင်းသို့ ဝင်ရောက်မှုလွယ်ကူစေရန် ဗီဇာဖြေလျော့မှုများအဖြစ် ၂၀၁၈ ခုနှစ် အောက်တိုဘာလမှစ၍ စမ်းသပ်ကာလ တစ်နှစ်သတ်မှတ်၍ တောင်ကိုရီးယား၊ ဂျပန်နိုင်ငံများနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟောင်ကောင်နှင့် မကာအိုနိုင်ငံများအား ဗီဇာကင်းလွတ်ခွင့်ပြု၍ လည်းကောင်း၊ တရုတ်နိုင်ငံအား ဆိုက်ရောက် ဗီဇာစနစ်ဖြင့်လည်းကောင်း၊ အိန္ဒိယနိုင်ငံအား ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလအထိ ဆိုက်ရောက်ဗီဇာစနစ်ဖြင့် လည်းကောင်း၊ ဝင်ရောက်ခွင့်ပြုခဲ့သည့်အပြင် ယခုအခါ အဆိုပါနိုင်ငံများ၏ ဝင်ရောက်မှုအတွက် ဖြေလျော့မှုအား တစ်နှစ်သက် တမ်းထပ်မံတိုးမြှင့်ပေးခဲ့သည်။

 

ထို့အပြင် ယခု ၂၀၁၉ ခုနှစ် အောက်တိုဘာ(၁)ရက်နေ့မှစ၍ စမ်းသပ်ကာ တစ်နှစ်သတ်မှတ်၍ ဥရောပ ၆ နိုင်ငံဖြစ်သော သြစတြေးလျ၊ ဂျာမနီ၊ အီတလီ၊ ရုရှား၊ စပိန်နှင့် ဆွတ်ဇာလန်နိုင်ငံများမှ ခရီးသွားများကိုလည်း ဆိုက်ရောက်ဗီဇာစနစ်ဖြင့် ဖြေလျော့မှုပေးကာ လေကြောင်းလိုင်းများမှ ဝင်ရောက်ခွင့်ပြုခဲ့သည့်အပြင် လာမည့် ၂၀၂၀ ခုနှစ် နှစ်ဆန်းပိုင်းတွင်လည်း ထပ်မံ၍ အလားအလာရှိသော နိုင်ငံများအား ဖြေလျော့မှုပေး၍ ဝင်ရောက်ခွင့်ပြုနိုင်ရန် ဆွေးနွေးညှိနှိုင်း၍ စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။

 

မန္တလေးတိုင်းဒေသကြီးအတွင်းသို့ ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်တွင် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ တစ်နှစ်တာကာလအတွင်း၌ နိုင်ငံတကာ ခရီးသွားဧည့်သည် ၄၉၀ဝ၀ဝ ကျော် ဝင်ရောက်ခဲ့ပြီး ယခု ၂၀၁၉ ခုနှစ်တွင် ဇန်နဝါရီလမှ အောက်တိုဘာလအထိ ၁၀ လတာကာလအတွင်း ၅၅၀ဝ၀ဝ ကျော် ဝင်ရောက်လျက်ရှိနေကြောင်း အဆိုပါဌာန၏ မှတ်တမ်းများအရ သိရသည်။

 

"မန္တလေးတိုင်းဒေသကြီး အတွင်းမှာ ခရီးသွားဝင်ရောက်မှုက လက်ရှိ ၁၀ လတာကာလအတွင်းမှာပဲ မနှစ်ကထက် ၅ သောင်းကျော် ပိုမိုဝင်ရောက်နေတဲ့အပြင် ကျန်ရှိတဲ့ ၂ လကလည်း ခရီးသွားရာသီရဲ့ ဧည့်သည်အများဆုံး ဝင်ရောက်လေ့ရှိတဲ့ ကာလတွေဖြစ်တဲ့အတွက် ၂၀၁၉ ခုနှစ်ရဲ့ ခရီးသွားဝင်ရောက်မှုက ယခင်နှစ်ထက် သိသိသာသာကို တိုးတက်လာမှာ အသေအချာပါပဲ။ ဒီလိုခရီးသွားဝင်ရောက်မှု တိုးတက်လာပေမယ့် အရှည်တည်တံ့တဲ့ ခရီးသွားလုပ်ငန်းဖြစ်ဖို့နဲ့ ဝင်ရောက်လာတဲ့ ခရီးသွားတွေ အနေနဲ့လည်း မြန်မာ့သဘာဝ အရင်းအမြစ်တွေနဲ့ ယဉ်ကျေးမှုဓလေ့ထုံးစံတွေကို တန်ဖိုးထားလေးစားလိုက်နာတတ်တဲ့ ခရီးသွားဧည့်သည်တွေ ဝင်ရောက်လာနိုင်ဖို့ကိုလည်း မဟာဗျူဟာတစ်ရပ်ချမှတ်ပြီး ဆောင်ရွက်လျက်ရှိတဲ့အပြင် ဝင်ရောက်လာတဲ့ ခရီးသွားဧည့်သည်တွေရဲ့ မျှော်လင့်ချက်တွေပြည့်မီအောင်လည်း ခရီးစဉ်ဒေသသစ်တွေနဲ့ ခရီးသွားအမျိုးအစားစုံလင်အောင် ဖော်ထုတ်ခြင်း သယ်ယူပို့ဆောင်ရေး အဆင်ပြေစေရေးနဲ့ အခြေခံအဆောက်အအုံတွေ တိုးမြှင့်ဆောင်ရွက်ခြင်း စတဲ့ ကြိုတင်ပြင်ဆင်မှု တွေကိုလည်း ကြိုးစားဆောင်ရွက်လျက်ရှိပါတယ်" ဟု ၎င်းဆက်လက်ပြောဆိုသည်။

 

မန္တလေးတိုင်းဒေသကြီးအတွင်းသို့ နှစ်အလိုက် နိုင်ငံတကာခရီးသွားဧည့်သည် ဝင်ရောက်မှုအနေဖြင့် ၂၀၁၆ ခုနှစ်တွင် ၃၈၅၀၃၁ ဦး၊ ၂၀၁၇ ခုနှစ်တွင် ၄၈၃၇၈၄ ဦး၊ ၂၀၁၈ ခုနှစ်တွင် ၄၉၂၀၉၇ ဦး ဝင်ရောက်လျက်ရှိပြီး ယခု ၂၀၁၉ ခုနှစ်တွင် ဇန်နဝါရီလမှ အောက်တိုဘာလအထိ ၁၀ လတာကာလအတွင်း ၅၅၇၃၁၃ ဦး ဝင်ရောက်လျက်ရှိကြောင်း သိရသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)

 

mdn