ဘရပ်ဆဲလ် နိုဝင်ဘာ ၂၁

ဥရောပသမဂ္ဂဆေးဝါးအာဏာပိုင်အဖွဲ့က ဥရောပဒေသနိုင်ငံများ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး သောက်ဆေးအမျိုး အစားဖြစ်သည့် Molnupiravir ကို အသုံးပြုရန်အတွက် ဥရောပနိုင်ငံများ၏ ကျန်းမာရေးအာဏာပိုင်များအား တိုက်တွန်းပြောကြားသည်။

အမေရိကန်ဆေးဝါးကုမ္ပဏီ Merck Ridgeback Biotherapeutics တို့က ပူးပေါင်းထုတ်လုပ်သည့် သောက်ဆေး အမျိုးအစားဖြစ်သည့် Molnupiravir ကို ဥရောပသမဂ္ဂ ဆေးဝါးအာဏာပိုင်အဖွဲ့က လွန်ခဲ့သောလတွင် ဆန်းစစ်မှုများ ပြုလုပ်ခဲ့သည်။ ယင်းသို့ လေ့လာဆန်းစစ်မှုများ ပြုလုပ်ပြီးနောက် ယခုကဲ့သို့ တိုက်တွန်းပြောကြားခြင်းဖြစ်သည်။

အဆိုပါကာကွယ်ဆေး၏ ရောဂါခုခံ နိုင်စွမ်းနှင့်ပတ်သက်ပြီး ဆန်းစစ်တွေ့ရှိ ချက်များအရ ရောဂါလက္ခဏာများ စတင် ခံစားရသည့် ငါးရက်တာအတွင်း အဆိုပါဆေးကို သောက်သုံးပါက ရောဂါဝေဒနာ ခံစားရမှုနှင့် သေဆုံးမှုနှုန်းများကို လျှော့ချပေးနိုင်ကြောင်း ဥရောပသမဂ္ဂဆေးဝါး အာဏာပိုင်အဖွဲ့က ဆိုသည်။ ထို့ပြင် ရောဂါကူးစက်ခံရသူ၏ကိုယ်ခန္ဓာအတွင်း ၌ ဗိုင်းရပ်စ်ပိုးများ ပျံ့နှံ့ခြင်းကို ထိန်းချုပ်ထားနိုင်ကြောင်း သိရသည်။

ဥရောပဒေသအတွင်း ရောဂါကူးစက်မှုများနှင့် သေဆုံးမှုများ မြင့်တက်လျက်ရှိသည့်အတွက် ဥရောပနိုင်ငံများ၏ ကျန်းမာရေးအာဏာပိုင်များက အဆိုပါဆေးကိုသုံးစွဲရန် အတည်ပြုပေးသင့်ကြောင်း ဥရောပသမဂ္ဂ ဆေးဝါးအာဏာပိုင်အဖွဲ့က အကြံပြုပြောကြားသည်။

ဗြိတိန်ကျန်းမာရေး အာဏာပိုင်များက အဆိုပါဆေးကို နိုင်ငံအတွင်းသုံးစွဲရန် ယခုလအတွင်းက အတည်ပြုပေးခဲ့ကြောင်းသိရသည်။

ကိုကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်