ပေကျင်း ၂၆ ဒီဇင်ဘာ
ဥရောပသမဂ္ဂ-တရုတ်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတူညီ ချက်တစ်ရပ်ကို ယခုနှစ်နှောင်းပိုင်းမတိုင်မီ လက်မှတ် ရေးထိုးရန် နှစ်ဖက်စီးပွားရေးလုပ်ငန်းရှင်များက ဆွေးနွေးလျက်ရှိကြောင်း တရုတ်နိုင်ငံရှိ ဥရောပကုန်သည်ကြီးများ အသင်းအကြီးအကဲ ဂျိုရက်ဝတ်ကီက ယနေ့ပြောကြားခဲ့သည်။
အဆိုပါဆွေးနွေးလျက်ရှိသည့် သဘောတူညီချက်အရ ဥရောပစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် တရုတ်နိုင်ငံ အတွင်း၌ ဘဏ္ဍာရေးဆိုင်ရာဝန်ဆောင်မှုများ၊ ဆက်သွယ်ရေးလုပ်ငန်းများ၊ လျှပ်စစ်ကားထုတ်လုပ်ရေးနှင့် အခြားသော စီးပွားရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံခွင့်ရရှိမည် ဖြစ်သည်။
သို့သော် ဥရောပပါလီမန်ရှိ အမတ်အချို့က အဆိုပါ ရင်းနှီးမြှုပ်နှံမှုပြုရေးနှင့်ပတ်သက်ပြီး ကန့်ကွက်လျက် ရှိသည့်အပြင် အမေရိကန်ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒင် ကတရုတ်နိုင်ငံ၏ ရှင်ကျန်းဒေသအနောက်မြောက်ပိုင်းတွင် အတင်းအဓမ္မ လုပ်အားပေးစေခိုင်းမှုများရှိကြောင်း ပြောကြားခဲ့သည့်အတွက် ယင်းသဘောတူညီချက်ကို လက်မှတ်ရေးထိုးနိုင်ရေး နှောင့်နှေးကြန့်ကြာမှုများရှိ ကြောင်း သိရသည်။
တရုတ်နိုင်ငံအနေဖြင့် အလုံးစုံပြည့်ဝပြီး ညီညွတ်မျှတ၊ ရည်မှန်းချက်ကြီးမားသော ရင်းနှီးမြှုပ်နှံမှုတစ်ရပ်ကို ဥရောပသမဂ္ဂနှင့် အကောင်အထည်ဖော်ဆောင်နိုင်ရန် အပြုသဘောဆောင်သည့် ဆွေးနွေးညှိနှိုင်းမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တရုတ်စီးပွားကူးသန်းဝန်ကြီးဌာနက ဒီဇင်ဘာ ၂၄ ရက်တွင် ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။
လက်ရှိဆွေးနွေးလျက်ရှိသည့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတူညီချက်သည် နှစ်ဖက်လုံးအတွက် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ အခွင့်အလမ်းကောင်းများနှင့် ခိုင်မာသော အဖွဲ့အစည်းဆိုင်ရာ အာမခံချက်များကို ဆောင်ကျဉ်းပေးလာ မည်ဖြစ်ကြောင်း အဆိုပါကြေညာချက်တွင် ပါရှိသည်။
ကိုးကား - စီအင်န်အေ
ဘာသာပြန် - အောင်ကျော်ကျော်