ဥရောပသမဂ္ဂက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအလုံးရေ တစ်ဘီလီယံကျော်တင်ပို့ခဲ့ဟု ဥရောပကော်မရှင်ဥက္ကဋ္ဌ ပြောကြား

ဘရပ်ဆဲလ် အောက်တိုဘာ ၁၉

 

ဥရောပသမဂ္ဂသည်လွန်ခဲ့သည့် ၁၀ လတာ ကာလအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအလုံးရေ တစ်ဘီလီယံကျော် တင်ပို့ခဲ့ကြောင်း ဥရောပကော်မရှင် ဥက္ကဋ္ဌ ဗွန်ဒါလီယန်က ယနေ့တွင် ပြောကြားသည်။

 

ထို့ပြင် ဥရောပသမဂ္ဂသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအဓိကတင်ပို့သည့် အသိုက်အဝန်းဖြစ်သည်မှာ အလွန်သိသာ ထင်ရှားကြောင်းနှင့် ယင်းသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အဓိကတင်ပို့နိုင်ခဲ့ ခြင်းသည် ဥရောပသမဂ္ဂ၏ အရေးပါသည့် မှတ်တိုင်တစ်ရပ်ဖြစ်ကြောင်း ဥရောပကော်မရှင်ဥက္ကဋ္ဌ ဗွန်ဒါလီယန်က ဆက်လက်ပြောကြားသည်။

 

COVAX ထံမှတစ်ဆင့် ပေးပို့ခဲ့

အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးအလုံးရေ တစ်ဘီလီယံကျော်အနက် ၈၇သန်းအား ဝင်ငွေအလယ်အလတ်နှင့် ဝင်ငွေနည်းပါးသည့် နိုင်ငံများသို့ ကမ္ဘာ့ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးအစီအစဉ် COVAX ထံမှတစ်ဆင့် ပေးပို့ခဲ့ကြောင်း ဗွန်ဒါလီယန်က ပြောကြားသည်။

 

လက်ရှိတွင် ဥရောပသမဂ္ဂအပါအဝင် အမေရိကန်နိုင်ငံ၊ အာရပ်စော်ဘွားများ ပြည်ထောင်စု၊ ကာတာနိုင်ငံ၊ စင်ကာပူ နိုင်ငံနှင့် ဂျပန်နိုင်ငံတို့တွင် နိုင်ငံလူဦးရေ ၏ထက်ဝက်ကျော်သည်ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး အပြည့်အဝ ထိုးနှံပြီးဖြစ် ကြောင်း သိရသည်။

ကိုးကား-စီအင်န်အေ

ဘာသာပြန်-အလင်းသစ်