၂၇ မေ

 

ကမ္ဘာ့နိုင်ငံတွေက ကိုဗစ်-၁၉ ကန့်သတ်မှုတွေ ဖြေလျှော့ပေးလျက်ရှိရာ ဥရောပတိုက်သားတွေလည်း ပန်းခြံတွေ၊ အားကစားခန်းမတွေ၊ ရေကူးကန်တွေဆီကို အုံနဲ့ကျင်းနဲ့ သွားလာနေကြပါပြီ။ ဂျပန်နိုင်ငံမှာလည်း နိုင်ငံတော်အရေးပေါ် အခြေအနေပြဋ္ဌာန်းမှုကို ရုပ်သိမ်းပေးလိုက်သော်လည်း နောက်ထပ် ဒုတိယကူးစက်လှိုင်းရန်ကို ရှောင်ရှားဖို့ သတိနဲ့နေထိုင်သွားကြဖို့ တိုက်တွန်းထားပါတယ်။ အမေရိကန်ပြည်ထောင်စုမှာလည်း ကိုဗစ်-၁၉ ကြောင့် လူတစ်သိန်းသေဆုံးနှုန်းဟာ ကြောက်စရာကောင်းလောက်အောင် သမိုင်းမှတ်တိုင်စိုက်ထူခဲ့ပါတယ်။

 

စိုးရိမ်မှုတွေရှိနေ

 

အမေရိကန်ပြည်သူအုံနဲ့ကျင်းနဲ့ဟာ မမေ့နိုင်တဲ့ အထိမ်းအမှတ်နေ့အတွက် ကမ်းခြေတွေနဲ့ ပန်းခြံတွေကို သွားရောက်ခဲ့ကြပါတယ်။ အဲဒီလိုသွားရောက်တဲ့အခါ အချို့ကလည်း ပါးစပ်နှာခေါင်းစည်းတွေတပ်ဆင်ပြီး လူမှုရေးအနေ ဝေးဝေးစည်းမျဉ်းတွေကို လိုက်နာကြသလို တချို့ကလည်း မလုပ်ကြပါဘူး။ လူတွေစည်ကားနေတဲ့ ရေကူးကန်တွေ၊ ပင်လယ်ကမ်းစပ် ပျဉ်ခင်းလမ်းလေးတွေဟာ နောက်တစ်ကြိမ် ကိုဗစ်-၁၉ အသစ် ထပ်မံဖြစ်ပွားလာနိုင်မလားဆိုပြီး စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။ ကိုဗစ်-၁၉ ဟာ ကမ္ဘာတစ်ဝန်းလူပေါင်း ၅ ဒသမ ၄ သန်းကျော်ကို ကူးစက်ပျံ့နှံ့ခဲ့ပြီး လူပေါင်း ၃၄၄၀၀၀ ထက်မနည်း သေဆုံးစေနိုင်ခဲ့ပါတယ်။

 

တစ်ချိန်တည်းမှာပဲ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ဆေးရုံဆေးခန်းတွေမှာ ဟိုက်ဒရောက်စီ ကလိုရိုကွင်းဆေးအသုံးပြုခြင်းကို ဘေးအန္တရာယ်ကင်းစေရန် တားမြစ်လိုက်ပြီးတဲ့နောက်မှာ ငှက်ဖျားရောဂါတိုက်ဖျက်ဆေးဖြစ်တဲ့ ဟိုက် ဒရောက်စီ ကလိုရိုကွင်းဆေးကို ကိုဗစ်-၁၉ ကုသရာမှာ အသုံးပြုနိုင်တယ် ဆိုတဲ့ မျှော်လင့်ချက်ဟာလည်း ပျောက်ဆုံးခဲ့ပါတယ်။

 

ကမ္ဘာ့စီးပွားရေးလည်း ယိမ်းယိုင်လာတာနဲ့အညီ အစိုးရတွေဟာ အလုံပိတ်ကန့်သတ်မှုတွေကြောင့် သောကဗျာပါဒပူဆွေးနေရတဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ ပြည်သူတွေကိုကူညီထောက်ပံ့ဖို့ ကြိုးစားနေကြပါတယ်။ ကိုဗစ်-၁၉ ကြောင့် အထိနာခဲ့တဲ့ စပိန်၊ မက်ဒရစ်နဲ့ ဘာစီလိုနာတို့ဟာ ကမ္ဘာ့အတင်းကျပ်ဆုံး အလုံပိတ်ကန့်သတ်မှုတွေကနေ လွတ်မြောက်လာသလို ပန်းခြံတွေ၊ ကော်ဖီဆိုင်တွေကို နှစ်လကျော်အချိန်ကာလမှာ ပထမဆုံးအကြိမ်ပြန်လည် ဖွင့်လှစ်လာနိုင်ခဲ့ပါတယ်။ လူရာချီဟာ မက်ဒရစ်ရဲ့ ထင်ရှားကျော်ကြားတဲ့ ရီတီရိုပန်းခြံမှာ အပန်းဖြေလှမ်းလျှောက်ရင်း၊ ပြေးရင်းနဲ့ ပျော်ရွှင်နေကြပါတယ်။

 

ပြန်လည်ဖွင့်လှစ်

 

စပိန်နိုင်ငံရဲ့ တခြားအစိတ်အပိုင်းတွေမှာလည်း တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာ နေထိုင်ရမယ့် လူမှုရေးအလှမ်းဝေးလေကောင်းလေဆိုတဲ့ တင်းကျပ် တဲ့လမ်းညွှန်ချက်တွေနဲ့ ပြန်လည်ဖွင့်လှစ်လိုက်ပါတယ်။ စပိန်အစိုးရဟာ ယိမ်းယိုင်နေတဲ့ ခရီးသွားကဏ္ဍကို ပြန်လည်နာလန်ထူအောင်လုပ်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ဇူလိုင် ၁ ရက်မှစကာ နိုင်ငံခြားမှ ဆိုက်ရောက်သူတွေအတွက် ကန့်သတ်ချက်တွေကို တစ်စိတ်တစ်ပိုင်းလျှော့ပေါ့မယ်လို့ ကြေညာလိုက် ပါတယ်။

 

အားကစားရုံတွေနဲ့ ရေကူးကန်တွေကိုလည်း ဂျာမနီ၊ အိုက်စလန်၊ အီတလီနဲ့ စပိန်နိုင်ငံတွေမှာလည်း ပြန်လည်ဖွင့်လှစ်ပေးနေပါပြီ။ ထို့အတူ ကိုဗစ်-၁၉ ကူးစက်မှုနှုန်း နှေးကွေးလာတဲ့ ဂရိနိုင်ငံမှာလည်း ခန့်မှန်းထားတာ ထက်စောပြီး မှာယူစားသောက်စနစ်နဲ့ စားသောက်ဆိုင်တွေကို ပြန်လည် ဖွင့်လှစ်ခွင့်ပြုလိုက်ပါတယ်။

 

တခြားနိုင်ငံတွေလို ကိုဗစ်-၁၉ ပျံ့နှံ့မှုကို တားဆီးကာကွယ်တဲ့နေရာ မှာ အိမ်တွင်း၌သာ နေထိုင်ရန် ဆောင်ရွက်ချက်ကို မပြုလုပ်ခဲ့တဲ့အတွက် နိုင်ငံတကာအာရုံစိုက်ခြင်းကို ခံနေရတဲ့ ဆွီဒင်နိုင်ငံမှာလည်း ကိုဗစ်-၁၉ ကြောင့် သေဆုံးမှုဟာ ၄၀၀၀ ကျော်လာပါတယ်။ အဲဒီပမာဏဟာ သူ့ရဲ့ အိမ်နီးချင်းနိုင်ငံတွေထက်များတဲ့ပမာဏ ဖြစ်ပါတယ်။

 

ဗြိတိန်မှာလည်း ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ဟာ အစိုးရအနေနဲ့ လက်လီစတိုးဆိုင်လေးတွေကို ဇွန်လ ၁၅ ရက်မှာ ပြန်ဖွင့်ခွင့်ပေးမယ်လို့ ကြေညာခဲ့ပါတယ်။

 

လျှော့မတွက်ဘဲ သတိထား

 

အမေရိကန်ပြည်ထောင်စုမှာ အမေရိကန်တွေဟာ အစိုးရအနေနဲ့ အသွားအလာကန့်သတ်မှုတွေကို ဘယ်လောက်အထိ လျှော့ချမလဲဆိုပြီး စောင့်ကြည့် နေကြပါတယ်။ အမေရိကန်ပြည်ထောင်စု မစ်ဆူရီပြည်နယ်ရဲ့ ရေကူးကန် ပါတီတစ်ခုကိုရိုက်ပြထားတဲ့ ဗီဒီယိုတစ်ခုဟာ အခုဆိုရင် ယူကျုမှာ ကြည့်ရှုသူ ၁၆ သန်းထက်မနည်း ရှိခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ ကိုဗစ်-၁၉ ကြောင့်သေဆုံးနှုန်းဟာလည်း ၉၈၂၁၈ အထိ ရောက်ရှိလာခဲ့ကြောင်း ဂျွန်ဟော့ ကင်းတက္ကသိုလ်ရဲ့ စာရင်းတွေအရ သိရပါတယ်။ ထို့အတူ ကိုဗစ်-၁၉ ကူးစက်မှုမှာလည်း ၁ ဒသမ ၆၆ သန်းနဲ့ ကမ္ဘာ့ကိုဗစ်-၁၉ ဖြစ်ပွားတဲ့ နိုင်ငံတွေမှာ ထိပ်ဆုံးက ရပ်တည်ပြီး အမြင့်ဆုံးစာရင်း တင်ထားပါတယ်။

 

အာရှမှာလည်း ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးဟာ ကိုဗစ်-၁၉ ကူးစက်မှု နှုန်း နှေးကွေးသွားတဲ့အတွက် နိုင်ငံတစ်ဝန်းပြဋ္ဌာန်းထားတဲ့ နိုင်ငံတော် အရေးပေါ်အခြေအနေကို ရုပ်သိမ်းလိုက်ပါပြီ။ အဲဒီလို ရုပ်သိမ်းလိုက်တဲ့အတွက် ကမ္ဘာ့တတိယအကြီးဆုံးစီးပွားရေးကို နောက်တစ်ဖန် ပြန်လည်အားကောင်း လာစေဦးမှာဖြစ်ပါတယ်။ သို့သော်လည်း ရှင်ဇိုအာဘေးက သူ့ရဲ့ နိုင်ငံသားတွေကို သတိထားဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။ မိမိတို့ရဲ့ စောင့်ကြည့် မှုတွေကို လျှော့ချလိုက်တာနဲ့ ကိုဗစ်-၁၉ ဟာ လျင်မြန်စွာကူးစက်ပျံ့နှံ့လာ နိုင်ကြောင်း၊ မိမိတို့အနေနဲ့ သတိ ဝီရိယနဲ့ နိုးနိုးကြားကြားရှိရန် လို ကြောင်း ရှင်ဇိုအာဘေးက ပြောကြားထားပါတယ်။ ထို့အတူ နီးကပ်တဲ့နေရာ၊ လူထူထပ်တဲ့နေရာနဲ့ နီးကပ်တဲ့ထိတွေ့မှုတွေကို ရှောင်ရှားဖို့ ဆက်လက်ပြီး တိုက်တွန်းထားပါတယ်။

 

အခုဆိုရင် ကိုဗစ်-၁၉ ကို ကမ္ဘာ့အစိတ်အပိုင်းအတော်များများက ထိန်းချုပ်လာနိုင်ကြပါပြီ။ သို့သော်လည်း ဘရာဇီးမှာတော့ ကိုဗစ်-၁၉ နှေးကွေးသွား တယ်ဆိုတဲ့ လက္ခဏာမတွေ့ရသေးပါဘူး။ ကမ္ဘာ့ဆဋ္ဌမအကြီးဆုံး နိုင်ငံဖြစ်တဲ့ ဘရာဇီးမှာ အခုဆိုရင် ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၂၂၆၀၀ ရှိလာပါပြီ။ လက်ယာစွန်းဝါဒသမားတစ်ဦးဖြစ်တဲ့ သမ္မတ ဂျာဘော်ဆိုနာရို ကတောင် ကိုဗစ်-၁၉ ရဲ့ ခြိမ်းခြောက်မှုကို လျှော့မတွက်ဘဲ သတိထားဖို့ ပြောကြားထားပါတယ်။ ထို့အတူ လူမှုရေးဝေးကွာမှု စည်းမျဉ်းများကို ထပ်မံ လိုက်နာကြဖို့ နောက်ထပ်တစ်ကြိမ် နှိုးဆော်ထားပါတယ်။

 

ဖြေလျှော့မှုတွေကြားဗျာများ

 

ဘရာဇီးသမ္မတ ဘော်ဆိုနာရိုနဲ့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်တို့ဟာ ရင်းနှီးတဲ့ မိတ်ဆွေတွေဖြစ်သော်လည်း အိမ်ဖြူတော်က လွန်ခဲ့တဲ့ ၁၄ ရက် အတွင်း ဘရာဇီးနိုင်ငံမှာရောက်နေတဲ့ အမေရိကန်မဟုတ်သူတွေကို အမေရိကန်ပြည်ထောင်စုထဲသို့ ဝင်ရောက်ခွင့်မပြုကြောင်း ပြောကြားလိုက် ပါတယ်။

 

အမေရိကန်ပြည်ထောင်စုမှာ ကိုဗစ်-၁၉ ကြောင့် လူပေါင်းတစ်သိန်း သေဆုံးပြီး ကမ္ဘာ့အမြင့်ဆုံး သေဆုံးသူစာရင်းဝင်နေတာတောင် လွန်ခဲ့တဲ့ အားလပ်ရက်မှာ ဂေါက်သွားကစားခဲ့တဲ့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကို မီဒီယာတွေက ပြင်းပြင်းထန်ထန် ခါးခါးသီးသီး ဝေဖန်ထားကြပါတယ်။

 

ဗိုင်းရပ်စ်ကျွမ်းကျင်ပညာရှင်တွေက လူမှုရေး၊အလုပ်အကိုင်၊ စီးပွားရေးတွေ မြန်မကြာချက်ချင်းပြန်လည်ဖွင့်လှစ်တဲ့အပေါ် သတိပေးထားသလို ကာကွယ်ဆေး သို့မဟုတ် ကုသမှုတိုးတက်လာတဲ့အချိန်အထိ အသွားအလာ ကန့်သတ်ပိတ်ဆို့မှုပုံစံတစ်မျိုးမျိုးကို ဆောင်ရွက်ထားသင့်ကြောင်းပြောကြား ထားသော်လည်း အစိုးရတွေက စီးပွားရေးနာလန်ထူဖို့ အသွားအလာကန့်သတ် ပိတ်ဆို့မှုတွေကို ဖြေလျှော့ဖို့ နည်းလမ်းတွေကြား ဗျာများနေခဲ့ရပါတယ်။ ကမ္ဘာ့အကြီးဆုံး အသွားအလာကန့်သတ်ပိတ်ဆို့မှုတွေကို ပြုလုပ်ခဲ့တဲ့ အာရှ တတိယအကြီးဆုံးစီးပွားရေးရှိရာ အိန္ဒိယနိုင်ငံမှာတောင် ပြည်တွင်း လေကြောင်းလိုင်းတွေကို တနင်္လာနေ့မှာ ပြန်လည်ပျံသန်းခွင့်ပြုလိုက်ပါပြီ။ သို့သော်လည်း ကိုဗစ်-၁၉ ကူးစက်မှုတွေဟာ အိန္ဒိယနိုင်ငံမှာ ဆက်လက် မြင့်တက်နေဆဲ ဖြစ်ပါတယ်။ ။

 

ထွန်းသစ်စ

အေအက်ဖ်ပီ