လူသားမျိုးစိတ်တစ်ခုဖြစ်သော ဟိုမိုနီယန်ဒါသယ် အများစုသည် လွန်ခဲ့သော နှစ်ပေါင်းခုနစ်သောင်း ခွဲခန့်ကတည်းက ကွယ်ပျောက်ခဲ့ကြသော်လည်း ဥရောပတွင် အုပ်စုတစ်စုဆက်လက်ရှင်သန် ကျန်ရစ်ပြီး လွန်ခဲ့သော နှစ်ပေါင်းလေးသောင်းခန့်ကမှ ကွယ်ပျောက်သွားခဲ့ကြသည်ဟု လေ့လာမှု အသစ်တစ်ခုက တွေ့ရှိခဲ့သည်။
ဂျာမနီနိုင်ငံ တူဘင်အန်းတက္ကသိုလ် လူသားဆင့်ကဲဖြစ်စဉ်နှင့် ကျောက်လွှာလေ့လာရေးဌာနမှ အပြည်ပြည်ဆိုင်ရာသုတေသီအဖွဲ့တစ်ဖွဲ့က လွန်ခဲ့သော နှစ်ပေါင်းလေးသောင်းခန့်အထိ ဆက်လက်ရှင်သန်နေထိုင်ခဲ့ကြသည့် နီယန်ဒါသယ်တို့၏လမ်းကြောင်းကို လိုက်လံသုတေသနလုပ်ခဲ့ပြီး တွေ့ရှိမှု အသစ်ကို ထုတ်ပြန်ခဲ့ကြခြင်းဖြစ်သည်။
သုတေသနကိုဦးဆောင်သူ ပါမောက္ခကော့စမီကိုပို့သ်က “နီယန်ဒါသယ်တွေဟာ ဥရောပမှာ လွန်ခဲ့တဲ့ နှစ်ပေါင်းလေးသိန်းကနေ လေးသောင်းအထိ နေထိုင်ခဲ့ကြတဲ့ သက်သေအထောက်အထားတွေ တွေ့ရှိထားပါတယ်။ ဒါပေမဲ့ ဘယ်လိုဆင့်ကဲဖြစ်စဉ်က သူတို့ကို မျိုးသုဉ်းတဲ့အထိ ဖြစ်သွားစေတာလဲ ဆိုတာကိုတော့ ကျွန်တော်တို့ ဘာမှမသိရသေးပါဘူး”ဟု ဆိုသည်။ ယခုလေ့လာမှုအရ လွန်ခဲ့သော နှစ်ပေါင်း လေးသောင်းခွဲခန့်တွင် ဥရောပလက်ကျန် နီယန်ဒါသယ်အရေအတွက် သိသိသာစတင် ကျဆင်းလာခဲ့သည်ဟုလည်း ဆိုသည်။
လေ့လာမှုအတွက် ဘယ်လ်ဂျီယံ၊ ပြင်သစ်၊ ဂျာမနီနှင့် ဆားဘီးယားတို့ရှိ ရှေးဟောင်းသုတေသန တူးဖော်မှုခြောက်ခုမှရရှိလာသော ရုပ်ကြွင်းများကိုသုံးခဲ့ကြပြီး မလေ့လာရသေးသော ရုပ်ကြွင်း ၁၀ ခုကို လေ့လာပြီးသား ရုပ်ကြွင်း ၄၉ ခုနှင့် တိုက်ဆိုင်စစ်ဆေးခဲ့ကြသည်။ ROAD ဟု အမည်ပေးထား သည့် ကျောက်ဖြစ်ရုပ်ကြွင်းအချက်အလက်ဘဏ်ကလည်း များစွာအကူအညီဖြစ်စေခဲ့သည်ဟု သုတေသီတို့က ဆိုသည်။
ထိုစုပေါင်းအချက်အလက်များအရ လွန်ခဲ့သောနှစ်ပေါင်း ခုနစ်သောင်းခွဲခန့်က ဖြစ်တည်ခဲ့သည့် ရေခဲခေတ်ရာသီဥတုအခြေအနေသည် နီယန်ဒါသယ်တို့ကို ပြင်းပြင်းထန်ထန်ထိခိုက်စေခဲ့ပြီး ဥရောပ တောင်ပိုင်းသို့ ပြောင်းရွှေ့လာစေခဲ့သည်ဟု ပြနေသည်။ သို့သော် အများစုမှာ ကွယ်ပျောက်သွားခဲ့ပြီး ပြင်သစ်တောင်ပိုင်းမှ နီယန်ဒါသယ်တစ်ဖွဲ့မှာ လွန်ခဲ့သောနှစ်ပေါင်း ခြောက်သောင်းခွဲခန့်တွင် လူဦးရေ ပြန်လည်မြင့်တက်လာခဲ့သည်။ ထို့နောက် လွန်ခဲ့သော နှစ်ပေါင်းလေးသောင်းခွဲခန့်တွင် လူဦးရေပြန်လည်ကျဆင်းသွားပြီး နှစ်ပေါင်း လေးသောင်းခန့်တွင် ကွယ်ပျောက်သွားကြခြင်းဖြစ်သည်ဟု ဆိုသည်။
Ref: scitechdaily


