နေပြည်တော်   ၁၀  ဖေဖော်ဝါရီ           

 

၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်ဆင့်ပွားသင်တန်း ဖွင့်ပွဲကို ယနေ့နံနက်  ၁၀ နာရီက နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ရှေးဦးစွာ ဥတ္တရခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးလှသန်းက အဖွင့်အမှာစကား ပြောကြားခဲ့သည်။

 

အဆိုပါသင်တန်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ကြီးကြပ်မှု၊ IDEA International အဖွဲ့ရဲ့ထောက်ပံမှုဖြင့် ဖွင့်လှစ်သင်ကြားခဲ့တာဖြစ်သည်။

 

သင်တန်းတွင် သင်တန်းနည်းပြ(၃)ဦးက ခရိုင်အတွင်းရှိ ခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများနှင့် ဝန်ထမ်းများ စုစုပေါင်း(၃၇)ဦးကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်တို့၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များ၊ ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများနှင့် လုပ်ငန်းလမ်းညွှန်များ၊ နိုင်ငံရေးပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ လိုက်နာရမည့် ကျင့်ဝတ်၊ ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခွင့်၊ မဲဆန္ဒရှင်စာရင်းပြုစုခြင်း၊ ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများ ဖြေရှင်းခြင်း၊ စေ့စပ်ညှိနှိုင်းရေး ကော်မတီများ ဖွဲ့စည်းခြင်းနှင့် ရွေးကောက်ပွဲကန့်ကွက်လွှာ တင်သွင်းခြင်း၊ ကြိုတင်ဆန္ဒမဲပေးခြင်း၊ မဲပေးခြင်း၊ မဲရေတွက်ခြင်းနှင့် ရလဒ်များ ထုတ်ပြန်ကြေညာခြင်း၊ ပြည်သူလူထုနှင့် မဲဆန္ဒရှင်အသိပညာပေးခြင်း၊ ပြည်တွင်းနှင့် နိုင်ငံတကာလေ့လာစောင့်ကြည့်မှုများကို စီမံခန့်ခွဲခြင်း၊ မီဒီယာနှင့် ဆက်သွယ်ပြန်ကြားခြင်း၊ မြို့နယ်၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများ၏ အခန်းကဏ္ဍ၊ မဲရုံမှူး၊ ဒုတိယမဲရုံမှူး၊ မဲရုံအဖွဲ့ဝင် လုပ်ငန်းလမ်းညွှန်ပါ လုပ်ဆောင်ရမည့် ဆောင်ရွက်ရန်နှင့် ရှောင်ကြဉ်ရန် အချက်များ အစရှိသည့် သင်ရိုး(၁၀)ချက်တို့ကို ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်မှ ၁၁ ရက်အထိ နှစ်ရက်ကြာ သင်တန်းပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ကို(ပြန်/ဆက်)