ဥတ္တရသီရိ ၇ ဩဂုတ် 


ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ် အတွင်းရှိ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နေမှုအား ဩဂုတ်လ ၆ ရက်က နေပြည်တော်ကောင်စီဝင် ဦးတင်ထွန်းနှင့် တာဝန်ရှိသူများက သွားရောက် ကွင်းဆင်းကြည့်ရှုခဲ့သည်။

 

1

 


နေပြည်တော်ကောင်စီဝင် ဦးတင်ထွန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်၊ နေပြည်တော် ကျေးလက်လမ်းဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တိုင်းဦးစီးမှူး ဒေါ်ခိုင်ခိုင်ဇော်နှင့် တာဝန်ရှိသူများသည် ၂၀၁၈-၂၀၁၉ ဘဏ္ဍရေးနှစ် ပြည်ထောင်စုဘဏ္ဍာဖြင့် ကျေးလက်လမ်းဦးစီးဌာနမှ ဆောက်လုပ်လျက်ရှိသည့် ဘုရားတောင်-ပိုတက်-သရက်တောလမ်းပေါ်ရှိ Box Culvert တည်ဆောက်နေမှုနှင့် ကျေးရွာချင်းဆက်လမ်း ဆောက်လုပ်နေမှု၊ တက်ရှိန်းကျေးရွာရှိ ၂၀၁၈-၂၀၁၉ ဘဏ္ဍရေးနှစ် နေပြည်တော်ကောင်စီ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ရေအရင်းမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် နတ်တောင်ချောင်း ရေထိန်းနံရံတည်ဆောက်နေမှုနှင့် တက်ရှိန်းကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေး စောင့်ရှောက်ပေးနေမှုကို လည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့သည်။


ထို့နောက်  ပိုးစားတောကျေးရွာရှိ ၂၀၁၈-၂၀၁၉ ဘဏ္ဍရေးနှစ် နေပြည်တော်ကောင်စီ ငွေလုံးငွေရင်းခွင့်ပြု ရန်ပုံငွေဖြင့် Diamond Mega ကုမ္ပဏီမှ ဆောင်ရွက်လျက်ရှိသည့် ပိုးစားတောကျေးရွာမှ ပိုတက်ကျေးရွာသို့ ဆက်သွယ်ထားသည့် မြေသားလမ်းအား ကွန်ကရစ်လမ်းခင်းခြင်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ရာ လုပ်ငန်းဆောင်ရွက်နေမှုနှင့်ပတ်သက်၍  သတ်မှတ်ရက်အတွင်း ပြီးစီးရေး၊ အရည်အသွေး ပြည့်မီရေးအတွက် ကုမ္ပဏီမှ တာဝန်ရှိသူများအား ရှင်းလင်းပြောကြားခဲ့သည်။


ဆက်လက်၍ နေပြည်တော်ကောင်စီဝင်နှင့် တာဝန်ရှိသူများသည် နေပြည်တော်ကောင်စီ ခွင့်ပြုရန်ပုံငွေဖြင့် တံတားအထူးအဖွဲ့(၆)မှ တာဝန်ယူ ဆောင်ရွက်နေသည့် ပိုးစားတောနှင့် မသိမ်ကျေးရွာများရှိ RCC ဗိုးသံကူကွန်ကရစ် တံတားတည်ဆောက်နေမှုတို့အား ကြည့်ရှုစစ်ဆေးရာ တံတားအထူးအဖွဲ့(၆)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးလှိုင်ဖြိုးဝင်းက တည်ဆောက်ပြီးစီးမှု၊ တံတားအောက်ပိုင်း ဗိုးပိုင်များ ဆောင်ရွက်ခဲ့မှုနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဖြည့်စွက်ရန်ပုံငွေဖြင့် တံတားချည်းကမ်းလမ်း တည်ဆောက်သွားမည့် အခြေအနေတို့ကို ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီဝင်မှ  သတ်မှတ်စံချိန်စံညွှန်း ပြည့်မီစွာဖြင့် သတ်မှတ်ကာလအတွင်း ပြီးစီးရေး၊ လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းစေရေးတို့ကို လမ်းညွှန်မှာကြားခဲ့သည်။ ယင်းနောက် နေပြည်တော်ကောင်စီ ခွင့်ပြုရန်ပုံငွေဖြင့် Ocean Myanmar ကုမ္ပဏီမှ တည်ဆောက်လျက်ရှိသော တောင်ညိုကျေးရွာနှင့် ဂွေးပင်ရိုးကျေးရွာချင်းဆက်လမ်း ကတ္တရာထပ်ပိုးခင်းနေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

                                     
ဥတ္တရခရိုင်(ပြန်/ဆက်)