နေပြည်တော် နိုဝင်ဘာ ၁၀
နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ နိုဝင်ဘာ ၁၀ ရက် နံနက်ပိုင်းက မိုးစွေကျေးရွာရှိ စိုက်ပျိုးစီးပွား အသိပညာပေးစင်တာ (KC) ခန်းမတွင် ပဉ္စမအကြိမ်မြောက် မြစိမ်းရောင် စီမံကိန်းရန်ပုံငွေ ထုတ်ချေးပေးခြင်း ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ဥတ္တရသီရိမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မိုးစွေကျေးရွာ၏ မြစိမ်းရောင်ကျေးရွာ စီမံကိန်းကော်မတီဝင်များမှ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ (၁၉၀) အတွက် ငွေကျပ် (၂၄၁) သိန်း၊ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ (၇၆) ဦးအတွက် ငွေကျပ် (၁၁၈) သိန်း၊ အရောင်းအဝယ် လုပ်ကိုင်သူ (၂၂) ဦးအတွက် ငွေကျပ် (၃၄) သိန်း၊ စုစုပေါင်း လုပ်ငန်းလုပ်ကိုင်သူ (၂၈၈) ဦးအတွက် ငွေကျပ် (၃၉၃) သိန်းကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ထုတ်ချေးပေးခဲ့သည်။
ဥတ္တရသီရိမြို့နယ်အနေဖြင့် မြစိမ်းရောင် အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ထုတ်ချေးပေးသည့် ကျေးရွာ စုစုပေါင်း ၁၈ ရွာရှိပြီး စီမံကိန်း ဆောင်ရွက်ခြင်းဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ပိုမို ဖွံ့ဖြိုးလာစေရန်၊ အလုပ်အကိုင်များ တစ်ပိုင်တစ်နိုင် ဆောင်ရွက်ခြင်းဖြင့် မိသားစုဝင်ငွေများ တိုးပွားလာစေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
ဉတ္တရခရိုင်(ပြန်/ဆက်)


