နေပြည်တော် နိုဝင်ဘာ ၁၉
နေပြည်တော်-မကွေး(ကံပြား)လမ်း ဖောက်လုပ်ရာတွင် ပါဝင်သွားသော တောင်သူ ၁၂ ဦး၏ သစ်တော ယာမြေ ၅၁ ဒသမ ၁၀ ဧက အတွက် လျော်ကြေးငွေပေးအပ်ပွဲကို နိုဝင်ဘာ ၁၈ ရက် နံနက် ၁၀ နာရီက ဥတ္တရသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်သောင်းက သစ်တောယာမြေ လျော်ကြေးငွေ ပေးအပ်ခြင်းနှင့် ပတ်သက်၍ အမှာစကားပြောကြားပြီး နေပြည်တော်-မကွေး(ကံပြား)လမ်း ဖောက်လုပ်ရာတွင် ပါဝင်သွားသော တောင်သူ ၁၂ ဦး၏ သစ်တောယာမြေ ၅၁ ဒသမ ၁၀ ဧကအတွက် ယာ တစ်ဧကလျှင် ၂ ဒသမ ၅ သိန်းကျပ်နှုန်းဖြင့် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်သောင်း၊ မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ ဦးရဲမြတ်သိန်း၊ ခရိုင်လမ်းဦးစီးဌာနမှူး ဦးနိုင်အောင်မြင့်နှင့် သရက်တောကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဇော်လင်းတို့က သစ်တောယာမြေ လျော်ကြေးငွေများ ပေးအပ်ခဲ့ကြပြီး တောင်သူ ဦးဟန်ရီက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
သစ်တောယာမြေ ၅၁ ဒသမ ၁၀ ဧက အတွက် ယာ တစ်ဧကလျှင် ၂ ဒသမ ၅ သိန်းကျပ်နှုန်းဖြင့် စုစုပေါင်း လျော်ကြေးငွေ ၁၂၇ သိန်း ၇ သောင်း ၅ ထောင်ကျပ်ကို တောင်သူ ၁၂ ဦးထံ လျော်ကြေး ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ကျော်စွာဟိန်း(ပြန်/ဆက်)


