ဥတ္တရသီရိမြို့နယ်တွင် မီးကြွင်းမီးကျန်မှတစ်ဆင့် နေအိမ်နှစ်လုံး မီးလောင်ဆုံးရှုံး

နေပြည်တော် ၁၁ မတ် 

 

နေပြည်တော် ဥတ္တရသီရိမြို့နယ် ရွှေနံ့သာရပ်ကွက်တွင် မတ် ၁၀ ရက် မွန်းလွဲ ၃ နာရီခွဲက နေအိမ် မီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့ပြီး နေအိမ်နှစ်လုံး ပျက်စီးဆုံးရှုံးခဲ့သည်။

 

ဖြစ်စဉ်မှာ ဥတ္တရသီရိမြို့နယ် ရွှေနံ့သာရပ်ကွက် နယ်မြေ(၈)တွင် နေထိုင်သည့် ဒေါ်ချစ်၏ မြေစိုက်ပျဉ်ခင်း၊ ထရံကာ၊ သက်ကယ်မိုးနေအိမ်အား မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် မီးစတင်လောင်ကျွမ်းခဲ့ရာ ထိုမှတစ်ဆင့် တစ်အိမ်ကျော် ဦးမောင်ပု၏ နေအိမ်အား မီးပွားလွင့်စင် ကူးစက်လောင်ကျွမ်းခဲ့ကြောင်း၊ အနီးရှိပြည်သူများမှ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့မှုကြောင့် ညနေ ၄ နာရီတွင် မီးငြိမ်သွားခဲ့ပြီး နေအိမ်(၂)လုံး မီးလောင်ဆုံးရှုံးခဲ့ကာ လူနှင့်တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်း သိရသည်။

 

မီးလောင်ရာသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်၊ တောင်ညိုနယ်မြေရဲစခန်းမှူး ရဲအုပ် ရဲဝင်းထွန်းနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်မှ ဒုဦးစီးမှူး ငြိမ်းကိုကိုသောင်းနှင့် တပ်ဖွဲ့ဝင်များ လာရောက်စစ်ဆေးခဲ့ပြီး မီးပေါ့ဆသူ ဒေါ်ချစ်အား တောင်ညိုနယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

အောင်ကို(ပြန်/ဆက်)