၉ မေ
ကမ္ဘာကြီးပူနွေးလာမှုကြောင့် အပူချိန်များ နှစ်စဉ်တိုးနေရာ မြန်မာနိုင်ငံတွင်လည်း တစ်နှစ်ထက်တစ်နှစ် ပိုမိုပူပြင်းလာသည်။ မြန်မာနိုင်ငံ၏ အပူပိုင်းဒေသများတွင်လည်း နွေအပူကို ပို၍ခံစားနေရသည်။ လက်ရှိမှာပင် အပူချိန်က ၁ ဒသမ ၅ ဒီဂရီစင်တီဂရိတ်အထိ တိုးနေသည်။
အပူချိန်တိုးလာသည်နှင့်အမျှ ရေရှားပါးလာ
အားပျော့သည့် အယ်လ်နီညိုရာသီဥတုဖြစ်သော်လည်း အပူချိန်များက တိုးနေမည်ဖြစ်သည်။ နွေလယ်ရောက်ပါက အပူချိန်က ပို၍ ပို၍ ပူပြင်းလာမည်ဖြစ်သည်။ မြန်မာတစ်နိုင်ငံလုံးတွင် နေရာဒေသကွဲပြား၍ အပူချိန် ၁ ဒသမ ၅ ဒီဂရီစင်တီ ဂရိတ်နှင့်အထက် တိုးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာ ကျော်မိုးဦး က ပြောကြားသည်။၂၀၁၉ ခုနှစ် မတ်လမှစကာ ဧပြီ၊ မေလအထိ အပူချိန် တိုးနေမည်ဟု ခန့်မှန်းထားချက်အရ မုတ်သုံမဝင်ခင်အချိန်ထိ အပူချိန်များမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
အပူပိုင်းဒေသဖြစ်သည့် မကွေးတိုင်းဒေသကြီး၏ ပျမ်းမျှ အပူချိန် ၄၀ ဒသမ ၄၁ ဒီဂရီစင်တီဂရိတ်ရှိရာမှ ၄၂ မှ ၄၃ ဒီဂရီစင်တီဂရိတ်အထိ တိုးနိုင်ကြောင်းနှင့် ရန်ကုန်မြို့အပူချိန် မှာ ပျမ်းမျှ ၃၇ မှ ၃၈ ဒီဂရီစင်တီဂရိတ်ရှိရာမှ ၄၀ မှ ၄၁ ဒီဂရီ စင်တီဂရိတ်အထိ တိုးနိုင်ကြောင်း ၎င်းက ပြောသည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်အနှံ့အပြားတွင် အပူချိန် မြင့်တက်မှုများ ကြုံတွေ့နိုင်ပြီး လူများကို အန္တရာယ်ဖြစ်စေနိုင်သည့် ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းများလည်း အလွန်မြင့်မားသည့် အဆင့်တွင် ရှိနေကြောင်း မိုးလေဝသနှင့် ဇလဗေဒပညာရှင် ဒေါက်တာ ထွန်းလွင်က သတိပေးသည်။
အပူပိုင်းဒေသများဖြစ်သော မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကန်ရေ အသုံးပြုရသည့် ဒေသများရှိ ရေကန်အချို့မှာ နွေရာသီရောက်ရှိလာချိန်တွင် ခန်းခြောက်နေမှုကို မြင်တွေ့ရလေ့ရှိသည်။ နှစ်စဉ် ရေရှားပါးနေကျနေရာဖြစ်သည့် ကျောက်ပန်းတောင်းမြို့နယ်ရှိ ကျေးရွာများတွင် ရေရှားပါးမှုများ ဖြစ်ပေါ်နေသည်။ ယင်းအပြင် ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်ဘက်ရှိ အချို့ဒေသများတွင်လည်း ရေရှားနေပြီ ဖြစ်သည်။
ရေမလုံလောက်ခြင်းကြောင့် နောက်ဆက်တွဲရောဂါများဖြစ်ပေါ်
နွေရာသီရောက်လာချိန်တွင် ရေရှားပါးမှုဘေးက နှစ်တိုင်းကြုံတွေ့နေကျပင်။ အစိုးရဌာနများနှင့် လူမှုရေး အသင်းအဖွဲ့များက ရေတွင်းရေကန်များ နှစ်စဉ်တူးဖော်ပေးလျက်ရှိသည်။ သို့ရာတွင် ရေရှားပါးသည့်နေရာက ရှိမြဲပင်ဖြစ်သည်။ နွေရာသီတွင် ရေရှားပါးနိုင်သည့် ကျေးရွာများကို ဦးစားပေးကာ ကြိုတင်ပြင်ဆင်နေကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ဝင်းမင်းဦးက ပြောသည်။
မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများတွင် နှစ်စဉ် ရေရှားပါးမှုများကို ကြုံတွေ့နေရခြင်းဖြစ်ကာ ထိုဒေသများတွင် ရေရှားပါးလာမှုဖြစ်ပွားလာပါက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနထံ ဆက်သွယ်နိုင်သည်။ ရေသည် လူ့ခန္ဓာကိုယ်အတွင်းတွင် အစာ၊ အညစ်အကြေး၊ အောက်ဆီဂျင်နှင့် ကာဗွန်ဒိုင်အောက်ဆိုက်တို့ကို သယ်ဆောင် ပေးသူအဖြစ် တာဝန်ထမ်းဆောင်သည်။ လူသတ္တဝါတို့၏ အစာချက်လုပ်ငန်းတွင်လည်း အဓိကဇာတ်ဆောင်တစ်ဦး ဖြစ်သည်။ ရေသည် အေးမြသော စွမ်းဆောင်ရည်ဖြင့် လူတစ်ဦး၏ ကိုယ်အပူချိန်ကို ၉၈ ဒသမ ၆ ဒီဂရီဖာရင်ဟိုက်တွင် တည်မြဲစေသည်။ ထိုကဲ့သို့သော အချက်များကြောင့် လူတို့သည် ရေလုံလောက်စွာ မရတော့သည့်အခါ နောက်ဆက် တွဲရောဂါများကို ခံစားရပြီး အသက်ဆုံးရှုံးရသည်အထိ ဖြစ်ကြရခြင်းဖြစ်သည်။
ရေသည် လူတို့သောက်သုံးရန်အတွက်သာမက မြို့ပြအိုးအိမ်ဆောက်လုပ်ခြင်းတို့တွင် အသုံးပြုရန်၊ စိုက်ပျိုးမွေးမြူရေးတွင် အသုံးပြုရန်၊ ကုန်ထုတ်လုပ်ငန်းတွင် အသုံးပြုရန်၊ လျှပ်စစ်ဓာတ်အားရရှိရေးတွင် အသုံးပြုရန်၊ ကူးသန်းသွားလာရေးတွင် အသုံးပြုရန်အတွက်လည်း အရေးပါသည်။ ရေအရင်းအမြစ်များ ကုန်ဆုံးသွားပါက လူသားကမ္ဘာ၊ လူသားအရင်း အမြစ်များလည်း ပျက်စီးသွားကြရမည့်အနေအထား ဖြစ်သည်။ ရေအရင်းအမြစ်များ မကုန်ဆုံးသွားစေရန်အတွက် ထိန်းသိမ်းကာကွယ်မှုများကို လုပ်ဆောင်ကြရန် လိုအပ်နေပြီဖြစ်သည်။
ကမ္ဘာ့ရေအရင်းအမြစ် ပိုင်ဆိုင်မှုစာရင်းများအရ ဘရာဇီးနိုင်ငံသည် အဆင့် (၁)၊ ရုရှားနိုင်ငံသည် အဆင့် (၂) နေရာတွင် တည်ရှိပြီး မြန်မာနိုင်ငံက အဆင့် (၁၄) နေရာတွင် ရှိနေသည်။ အာရှဒေသတွင်း နိုင်ငံများ၏ ရေအရင်းအမြစ်ပိုင်ဆိုင်မှု စာရင်းအရ တရုတ်နိုင်ငံသည် အဆင့်(၁)နေရာတွင်ရှိနေပြီး အင်ဒိုနီးရှား၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံ စသည်ဖြင့် အစဉ်လိုက် ရပ်တည်နေသည်။ မြန်မာသည် အာဆီယံ ၁၀ နိုင်ငံ၏ရေ ၁၆ ရာခိုင်နှုန်းခန့်နှင့် အာရှတိုက်တစ်တိုက်လုံး၏ ရေ ၁၂ ရာခိုင်နှုန်းခန့်အထိ ပိုင်ဆိုင်ထားသဖြင့် ရေအရင်းအမြစ် ပေါကြွယ်ဝသည်ဟု ဆိုရမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် ရေအရင်းအမြစ်ကို မြေပေါ်ရေနှင့် မြေအောက်ရေတို့မှ ရရှိသည်။ တစ်နှစ်လျှင် မြေပေါ်ရေနှင့် မြေအောက်ရေ နှစ်မျိုးပေါင်း ကုဗမီတာ ၁၅၄၀ ခန့် ရရှိသည်ဟု ခန့်မှန်းကြသည်။
ကမ္ဘာ့လူဦးရေ၏ ၂၀ ရာခိုင်နှုန်းမှာ ရေသန့်မရကြ
ကမ္ဘာ့လူဦးရေသည် နှစ်စဉ်တိုးပွားနေပြီး ၂၀၅၀ တွင် ကိုးဘီလီယံ ဖြစ်လာနိုင်သည့်အတွက် ရေသုံးစွဲမှုလည်း မြင့်မားလာမည်ဖြစ်သည်။ ကမ္ဘာ့လူဦးရေ၏ ၄၁ ရာခိုင်နှုန်းသည် ရေရှားပါးသော ဒေသများတွင် ရေထိုင်ကြရပြီး ၂၀ ရာခိုင်နှုန်းက ရေကောင်းရေသန့် မရသူများ ဖြစ်နေသည်။ကမ္ဘာ့လူဦးရေ၏ ၂ ဒသမ ၁ သန်းသည် နေအိမ်များတွင် လုံခြုံဘေးကင်းသည့် သောက်သုံးရေ မရရှိနိုင်သေးသည့်အတွက် ကျန်းမာရေး၊ ပညာရေးနှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ထိခိုက်နေကြရသည်။ မသန့်ရှင်းသော ရေကို သုံးစွဲရသောကြောင့် ၂၀ဝ၀ ပြည့်နှစ်တွင် လူဦးရေ ၂၂ သန်း ကျော် အသက်ဆုံးရှုံးခဲ့ရသည်။
ယ်လ်နီညိုရာသီဥတုကို ခံစားရသဖြင့် ပုံမှန်နှစ်များထက် ပိုမိုပူပြင်းခြောက်သွေ့မည်ဖြစ်သည်။ ပူပြင်းခြောက် သွေ့မှုကြောင့် ရေရှားပါးမှုကို ပိုမိုကြုံတွေ့ရမည်ဖြစ်သည်။ ထိုအခြေအနေများကြောင့် ရေရှားပါးပြတ်လပ်မှု မဖြစ်ပွားခင် ရေစုဆောင်းခြင်း၊ ဖြန့်ဖြူးခြင်း၊ ရေအရင်းအမြစ် ရှာဖွေစုဆောင်းခြင်းများ ပြုလုပ်ထားရန် လိုသည်။
ရေကို ထိန်းသိမ်းသိုလှောင်ပေးသည့် သစ်တောများ ပြန်လည်ထိန်းသိမ်းခြင်း၊ မိုးတွင်းကာလတွင် ရွာသွန်းသည့် မိုးရေများကို စုဆောင်းနိုင်သည့် မိုးရေခံစီမံကိန်းကို ထိထိရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်ခြင်း တို့ကိုလည်း လုပ်ဆောင်သင့်သည်။
နွေရာသီတွင် ရေရှားပါးမှုပြဿနာကို ဖြေရှင်းရန်အတွက် ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနက ယခုနှစ်တွင် ကျေးရွာ ၁၀ဝ၀ ကျော် ရေရရှိရန် ဆောင်ရွက်ထားကြောင်း သိရသည်။
ရေရရှိရေးအတွက် ဘဏ္ဍာငွေများ အသုံးပြုရ
၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ပြည်နယ်နှင့် တိုင်းဒေသ ကြီး ၁၅ ခု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများရှိ ကျေးရွာ ၁၄၉၁ ရွာ၌ သောက်သုံးရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်မည်ဟုလည်း ကြားရသည်။ ကျေးလက်ဒေသသောက်သုံးရေ ရရှိရေး အတွက်လည်း တွင်းတိမ် ၉၂ တွင်း၊ တွင်းနက် ၆၀၁ တွင်း၊ စိမ့်စမ်းရေသွယ်တန်းမှု ၃၆၇ ခု၊ မိုးရေလှောင်ကန်များ တူးဖော်ခြင်း၊ မြစ်ကမ်းဘေးတစ်လျှောက် ရေသွယ်ခြင်းစသည့် ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ပြီး ကျပ်သန်းနှစ်သောင်းသုံးထောင် အသုံးပြုမည်ဖြစ်ကြောင်း သိရသည်။
ရေသည် လူသားများအတွက် မရှိမဖြစ် အရေးကြီးဆုံး ဖြစ်နေပါသဖြင့် ရာသီဥတုမရွေး ရေကိုချွေတာကြပါရန် တိုက်တွန်းလိုက်ရပါသည်။ ။
မေယု- မျိုးအောင် (MANA)