အမွှမ်းတင်ညွှန်းဆိုသည်ဟု ဆိုချင်ဆို၊ မြန်မာနိုင်ငံသည် အခြားနိုင်ငံများနှင့်မတူ ဥတုသပ္ပာယ မျှတသည့် နေရထိုင်ရ သင့်လျော်လျောက်ပတ်သော နိုင်ငံဖြစ်ပါသည်။ တစ်နှစ်တာကာလ ဆယ့်နှစ်လရာသီတွင် ဆောင်း၊ နွေ၊ မိုးဟူသော ဥတုသုံးပါး အချိုးညီမျှတစွာ ဖြစ်တည်နေပါသည်။
တန်ဆောင်မုန်း၊ နတ်တော်၊ ပြာသို၊ တပို့တွဲ ဤလေးလကို ဟေမန္တ ဆောင်းဥတုကာလဟု ခေါ်ဆိုပါသည်။ တပေါင်း၊ တန်ခူး၊ ကဆုန်၊ နယုန် ဤလေးလကို ဂိမှာန် နွေဥတုဟု ခေါ်ဆိုကြပါသည်။ ဝါဆို၊ ဝါခေါင်၊ တော်သလင်း၊ သီတင်းကျွတ် ဤလေးလကို ဝဃောနမိုးဥတုကာလဟုသတ်မှတ် ကြပါသည်။ ဤရာသီအစဉ် လေးလသုံးလီတွင် ယခု တန်ဆောင်မုန်းမှ နတ်တော်လ ကူးပြောင်းစအချိန်အခါ၌ အေးမြသည့်ဆောင်းဥတု၏ ခံစားမှုအရသာကို မြန်မာပြည်တစ်ဝန်းမှ ပြည်သူပြည်သားများ စတင် ခံစားကြရပြီ ဖြစ်ပါသည်။ ။
မြန်မာပြည်ဥတုရာသီသည် ယခင်က ဤသို့သုံးလီ မှန်မှန်ညီသည် ဖြစ်သော်လည်း ကမ္ဘာတစ်ဝန်း ရာသီဥတုပြောင်းလဲမှု၏ ဥတုမမှန်သည့် ဒဏ်ရာဒဏ်ချက်ကြောင့် ဆောင်းမပီ၊ မိုးမမှန်၊ နွေမကသည့် လွန်ကဲအစွန်းထွက်သော အပြောင်းအလဲမြန်သည့် ဖောက်ပြန်ရာသီဥတုဒဏ်ကို ခံခဲ့ရပါသည်။ ယခုတန်ဆောင်မုန်းမှ နတ်တော် ကူးပြောင်းစကာလ၌ ဆောင်းပီသည့် အေးမြမြရာသီအရသာကို ခံစားရသည်မှာ မြန်မာပြည်အဖို့ ဥတုရာသီ မှန်ကန်လာပြီလားဟုပင် ထင်မိပါသည်။ ။
မြန်မာပြည်သည် ဆိုခဲ့သည့်အတိုင်း ရာသီသုံးလီမှန်ကန်ခြင်းကြောင့် မွေ့လျော်ဖွယ်အဆင်းနှင့် ကြည်နူးဖွယ် ခံစားမှုများအား ရှေးရှေးစာဆိုအကျော်တို့၏ ရေးဖွဲ့သီကုံးမှုများကို ထောက်ရှုခြင်းအားဖြင့် အမှန်တကယ်ပင် မြန်မာပြည်တွင် နေထိုင်ရသည်မှာ မွေ့လျော်ဖွယ်အကောင်းဆုံးဟု ဆိုရမည် ဖြစ်သည်။ ရှေးစာဆို ပြင်စည်မင်းသားဖွဲ့ဆိုသော ဟေမန္တဆောင်းဖွဲ့ ဒွေးချိုးတစ်ပုဒ်၌ -
သာပေါင်းငယ်ထွေ
ခါဟေမန် ရာသီချိန်မို့
ဖန်ရှိန်ဝယ် မြူအပြိုင်နှင့်
နှင်းလေဆိုင် ဖျန်း။
သင်းပျံ့တဲ့အင်
ပုလဲရုံ ကြိုင်လှိုင်ရွှင်သည့်
ခိုင်ငွေဇင် ညှာတံညွတ်ကယ်မှ
ရွှေဝတ် ဆင့်ပန်း။ ဟု ဖော်ပြထားသည်။
ပြင်စည်မင်းသား၏ဆောင်းအဖွဲ့အနွဲ့ ဒွေးချိုးပါ ဟေမန္တ ဥတုရာသီ လေးလတာ မြန်မာပြည်၏ ဆောင်းရာသီသဘာဝနှင့် ပတ်ဝန်းကျင်အလှအပတို့မှာ ပကတိအရှိတရားများဖြစ်သည်။ မြန်မာပြည်သည် ဟေမန္တဒွေးချိုးပါအတိုင်း ဆွတ်ပျံ့ကြည်နူးဖွယ်ကောင်းသည့် ဥတုဖြစ်သည်။ ယမန်နှစ်က ဤသို့ဆောင်းကာလ၌ ဆောင်းမပီခဲ့။ ယခုနှစ်အဖို့ လက်ရှိအခြေအနေအထိမူ ဆောင်းပီသည့် မြန်မာပြည်၏ ဥတုရာသီကို မှတ်မှတ်ရရ ပြန်လည်ခံစားရပြီဟု ဆိုချင်ပါသည်။
ဤဆောင်းရာသီကာလသည် စာဆိုတော်၊ စာတော်ပြန်၊ စာအောင်နှင်းသည့် စာပေဂုဏ်အခင်းအကျင်းများနှင့် ပြည့်စုံသည့်ကာလဖြစ်သည်။ စာပေပညာရှင်များက ဤရာသီကိုဖွဲ့နွဲ့ ၍ ရတု၊ တေး၊ ကဗျာများ ရေးဖွဲ့ကြသည်။ ရာသီရွှေ့ပြောင်း တစ်ဆောင်းသစ်ပြန်ပြီ၊ ခွာညိုသဇင်ပွင့်ရယ်တို့ အဆင့်ဆင့် အစီအရီပွင့်ရှာကြပြီ။ ဆောင်း၏အအေးဓာတ်နှင့် နှင်း၏ဖြူလွမှုကို အမွှမ်းတင်ကြ၊ တင်စားကြသည်မှာ ဆောင်းရာသီ၏ နှစ်လိုဖွယ်၊ ကျေနပ်ဖွယ်များသာဖြစ်သည်။
သို့ဖြစ်ရာ ဤဟေမန္တဆောင်းရာသီကာလကား သျှင်မဟာသီလဝံသ ဖွဲ့နွဲ့ဖော်ကျူးခဲ့သော မြူမင်းလွင် ကင်းစင်ပုံ၊ ထက်ဝန်းကျင်ကြည်လင်ပုံ၊ ခဝဲ စသည့် ရောင်စုံပန်းများပွင့်လန်းပုံ၊ နှင်းရည်တရွှဲရွှဲကျသည့် ရှေးရှေး ဆောင်း ကာလ၏ သရုပ်သဏ္ဌာန်နှင့် မူကွဲပြားလိမ့်မည်ဟု ထင်မိပါသည်။
ကြေးမုံ