နေပြည်တော် ဖေဖော်ဝါရီ  ၂

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နေပြည်တော်သင်တန်းကျောင်းတွင် ဖွင့်လှစ်ခဲ့သည့် ဦးစီးအရာရှိများ မွမ်းမံသင်တန်း အမှတ်စဉ် (၁/၂၀၂၁) နှင့် စာရင်းစစ်မှူးများ လုပ်ငန်းခွင် ကျွမ်းကျင်မှု သင်တန်းအမှတ်စဉ် - ၃၆ သင်တန်းဆင်းပွဲကို ယနေ့နံနက် ၁၀ နာရီ၌ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး (နေပြည်တော်)၊ စုပေါင်းခန်းမ၌ ကိုဗစ်-၁၉ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ကျင်းပသည်။

အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာကံဇော်က ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၏ လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရာတွင် ပိုမိုကောင်းမွန်စေရေး၊ လျှင်မြန်သွက်လက်စေရေးအတွက် စွမ်းဆောင်ရည် ပြည့်ဝမှုနှင့် ထိရောက်မှုရှိစေရန် ရည်ရွယ်၍ ဤရုံး၏ လုပ်ငန်းစဉ်များကို ရှင်းလင်း မှာကြားရခြင်းဖြစ်ကြောင်း။

နိုင်ငံတော်အစိုးရသည်  နိုင်ငံတော်၏ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက် (၉) ရပ်တို့နှင့်အညီ တာဝန်ယူဆောင်ရွက်လျက်ရှိရာတွင် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး အနေဖြင့်လည်း စာရင်းစစ်ဆေးခြင်း လုပ်ငန်းများကို ပိုမိုထိရောက်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်ထောင်စု စာရင်းစစ်ချုပ်ဥပဒေပုဒ်မ - ၁၁ (က) မှ (ရ) ပါ ပြဋ္ဌာန်းချက်များနှင့် လုပ်ပိုင်ခွင့်များကို ကြေညက်စွာသိရှိနားလည်ပြီး “ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှု တိုးတက်ကောင်းမွန်စေရေးအတွက် ထိန်းကျောင်းပေး” ဆိုသည့်ဆောင်ပုဒ်နှင့်အညီ လိုက်ပါဆောင်ရွက်နိုင်ရမည်ဖြစ်ကြောင်း။

ဤရုံးအနေဖြင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုသင်တန်းနှင့် စွမ်းဆောင်ရည် မြှင့်တင်ရေး သင်တန်းများ (၂) မျိုးခွဲခြားဖွင့်လှစ်၍ စနစ်တကျ လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း၊ ဝန်ထမ်းများအနေဖြင့် ကိုယ်တိုင်လေ့လာသင်ယူမှု၊ လေ့ကျင့်ပျိုးထောင်မှုနှင့် အသိပညာမျှဝေခြင်း အစီအစဉ်တွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ရန်လည်း လိုအပ်ကြောင်း။

မိမိတို့လုပ်ငန်းတာဝန်များကို ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ ကျင့်ဝတ်များနှင့်အညီ ရိုးသားဖြောင့်မတ်စွာ၊ သိက္ခာရှိစွာ ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူ့အကျိုးအတွက် နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်ပြီး ပြည်ထောင်စုစာရင်းစစ်ချုပ် ဥပဒေနှင့်အညီ လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ဆောင်ရွက်နိုင်သည့် ဝန်ထမ်းကောင်းများ ဖြစ်စေရန် ကြိုးစားကြစေလိုပါကြောင်း ပြောကြားသည်။

ဦးစီးအရာရှိမွမ်းမံသင်တန်းအမှတ်စဉ် (၁/၂၀၂၁)နှင့် စာရင်းစစ်မှူးများ လုပ်ငန်းခွင် ကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် - ၃၆ သင်တန်းကို (၂) လကြာ ဖွင့်လှစ်ခဲ့ပြီး  ရုံးချုပ်နှင့် ပြည်ထောင်စုနယ်မြေအတွင်းရှိ စာရင်းစစ်ရုံးများမှ ဦးစီးအရာရှိ (၁၀၆) ဦး နှင့် စာရင်းစစ်မှူး (၅၈) ဦး စုစုပေါင်းသင်တန်းသား (၁၆၄) ဦး တက်ရောက်ပြီးမြောက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်