mdn

သတင်းဆောင်းပါး - ပါမောက္ခဒေါက်တာမောင်

 

ဦးနှောက်နှင့် ကွန်ပျူတာဦးနှောက်အလုပ်လုပ်ပုံကိုနားလည်ရန် ကွန်ပျူတာတစ်လုံး နှင့် နှိုင်းယှဉ်ကြည့်နိုင် သည်။ စာရေးသူတို့ ဦးနှောက်သည် အရေအတွက် ၈၀-၁၀ဝ ဘီလီယံရှိသောဆဲလ်များဖြင့် ဖွဲ့စည်းထားသည်။ ထိုဆဲလ်များသည် ဝိုင်ယာကြိုးသဖွယ် အမျှင်များဖြင့်တစ်ခုနှင့်တစ်ခု ဆက်သွယ်အလုပ်လုပ်ကြသည်။ ဦးနှောက် တစ်ခုလုံးသည် ဆဲလ်များအချင်းချင်းဆက်သွယ်ထားသော အာရုံကြောကွန်ရက်ကြီးတစ်ခု ဖြစ်သည်။ ကွန်ပျူတာတစ်ခုတွင် ထရန်စစ်စတာများအချင်းချင်း ဆက်သွယ်အလုပ်လုပ်ကြသကဲ့သို့ ဖြစ်သည်။


ယနေ့ အမြန်ဆုံး အလုပ်လုပ်နိုင်သော (Core i7) ကွန်ပျူတာတွင် ထရန်စစ်စတာအရေအတွက် ၁ ဒသမ ၇ ဘီလီယံရှိသည်။ ဦးနှောက်အတွင်းတွင် ထရန်စစ်စတာ ကဲ့သို့ ဆက်သွယ်အလုပ်လုပ်နိုင်သော ဆက်သွယ်မှု ပေါင်း ထရီလီယံရာပေါင်းများစွာမက ရှိနေသည်။

 

သို့ရာတွင် ကွန်ပျူတာ၏ ထရန်စစ်စတာများ ဆက်သွယ်ထားပုံ(Circuit)မှာ ပုံသေဖြစ်သည်။ ဦးနှောက် ဆဲလ်များ အချင်းချင်းဆက်သွယ်ထားပုံမှာ မူပြောင်းလွယ်၊ ပြင်လွယ်သော ဆက်သွယ်ထားခြင်းမျိုး ဖြစ်သည်။ လူတစ်ဦး၏ သက်တမ်းတစ်လျှောက်တွင်ဆက်သွယ်မှုလမ်ကြောင်းများ လိုအပ်သလို အသစ်အသစ်ဖြစ်ပေါ် လျက်ရှိပြီး မလိုအပ်တော့သော ဆက်သွယ်မှုများ ကိုလည်း ဖျက်သိမ်းလျက်ရှိသည်။ ထိုအခြင်းအရာကို ဦးနှောက်၏ အလုပ်လုပ်ပုံပြောင်းလွယ်၊ ပြင်လွယ်ရှိခြင်း (neuroplasticity) ဟု ခေါ်ဆိုထားသည်။ ထိုအစွမ်း ကြောင့် စာရေးသူတို့သည် အသစ်အသစ်ဖြစ်သော ကြောင်းအရာများနှင့် အလေ့အကျင့်များကို သင်ကြား နိုင်ကြပြီး လက်မခံတော့သော အယူအဆများနှင့်အမူအကျင့်များကို ဖျောက်ဖျက်ပစ်နိုင်ကြသည်။ ကြီးထွား နေသော ကလေးများ၏ ဦးနှောက်တွင်ထိုအခြင်းအရာကို ထင်ရှားစွာတွေ့မြင်ရသည်။

 

အရိုင်းစိတ်ဦးနှောက်နှင့် အယဉ်စိတ်ဦးနှောက်

 

လှုံ့ဆော်လာသော အာရုံများကို တုံ့ပြန်ရာ တွင်ဦနှောက်၏ အစိတ်အပိုင်းနှစ်မျိုးသည် မတူညီစွာ အလုပ်လုပ်ကြသည်။ 

တစ်ခုသည် သတ္တဝါ၏ အခြေခံစိက်အတိုင်း တုံ့ပြန်သော အစိတ်အပိုင်းဖြစ်သည်။ ထိုကဲ့သို့ တုံ့ပြန်ခြင်းသည်ဦးနှောက်၏ အနောက်ဘက်ရှိ Amygdala ဟု ခေါ် သည့်နေရာမှ ထွက်ပေါ်လာသည်။ ထိုအစိတ်အပိုင်းကိုစိတ်လှုပ်ရှားမှုများကို ဖြစ်ပေါ်စေသော ဦးနှောက် Emotional Brain ဟု ခေါ်ဆိုကြသည်။ ထိုဦးနှောက်သည် သတ္တဝါ၏ အခြေခံအရိုင်းစိတ်ဖြစ်သော ရန်လိုခြင်း၊ အစာစားခြင်း၊ မေထုန်မှီဝဲခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် ရမ္မက်ဆန္ဒများကို ဖြစ်ပေါ်စေသည်။ အရိုင်းစိတ်ဦးနှောက်ဟု ခေါ်ဆိုနိုင်သည်။

 

အခြားအစိတ်အပိုင်းတစ်ခုမှာ ဦးနှောက်၏ အရှေ့ပိုင်း ရှိ Prefrontal Cortex ဖြစ်သည်။ ထိုဦးနှောက်သည် အကျိုးအကြောင်းဆင်ခြင်ခြင်း၊ အမှား အမှန်ခွဲခြားနိုင်ခြင်း၊ မိမိကိုယ်ကိုထိန်းချုပ်နိုင်ခြင်း၊ ကိုယ်ချင်းစာစိတ်နှင့် မေတ္တာစိတ်များကို ဖြစ်ပေါ်စေသည်။ ထိုဦးနှောက်ကိုဆင်ခြင်တုံတရားများကို ဖြစ်ပေါ်စေသောဦးနှောက် Rational Brain  ဟု ခေါ်ဆိုကြသည်။ ထိုဦးနှောက်ကိုသတ္တဝါတို့တွင် အဆင့်အမြင့်ဆုံးဖြစ်သော လူသားများ တွင်သာ တွေ့ရသည်။ အယဉ်စိတ်ဦးနှောက်ဟု ခေါ်နိုင်မည်ဖြစ်သည်။ 

 

အရိုင်းစိတ်ဦးနှောက်နှင့် အယဉ်စိတ်ဦးနှောက်တို့သည် ဖြစ်ပေါ်စေသောစိတ်များ မတူညီသလို အလုပ်လုပ်ရာ တွင်လည်း တစ်ခုနှင့်တစ်ခု အားပြိုင်နေကြသည်။တစ်ချိန်တွင် တစ်ခုကသာ လွှမ်းမိုးအလုပ်လုပ်ကြသည်။ အရိုင်းစိတ်ဦးနှောက် တက်ကြွနေချိန်တွင် အယဉ်စိတ်ဦးနှောက်သည် အလုပ်လုပ်ခွင့် မရချေ။ ထို့အတူအယဉ်စိတ်ဦးနှောက်သည်လည်း အရိုင်းစိတ်ဦးနှောက်အလုပ်လုပ်ခွင့်မရအောင် လွှမ်းမိုးထားနိုင်သည်။ အရိုင်း စိတ်ဦးနှောက်က အနိုင်ရသောအခါ လူသည် ရမ္မက်ဆန္ဒများစေရာနောက်သို့ လိုက်ပါသွားရသည်။ အကျိုးမဲ့သောရလဒ်များ ဖြစ်ပေါ်လာစေသည်။ အယဉ်စိတ်ဦးနှောက်ကြောင့် လုပ်သင့်သောအလုပ်များကို လုပ်နိုင်ကြပြီ်း အပြစ်ကင်းသော၊ အကျိုးရှိသော ရလဒ်များ ကို ဖြစ်ပေါ်စေသည်။

 

တစ်ခါတစ်ရံတွင် အရိုင်းစိတ်ဦးနှောက်သည်ရုတ်တရက် ပြင်းထန်စွာပေါက်ကွဲထွက်ပေါ်လာပြီး ဦးနှောက်ကို အပိုင်စီးလိုက်သောအဖြစ်သည် လူသားတို့အကြားတွင် တွေ့ရတတ်သည်။ ထိုအချိန်တွင် ဆင်ခြင်တုံတရားကင်းမဲ့သော ကာယကံမှု၊ ဝစီကံမှုတို့ ထွက်ပေါ်လာပြီ နောက်ဆက်တွဲဆိုးကျိုးများနှင့် ရင်ဆိုင်ရတော့သည်။ထိုအခြင်းအရာကို Emotional hijack ဟု ခေါ်ဆိုထားသည်။

 

ထို့ကြောင့် အရိုင်းစိတ်ဦးနှောက် အလုပ်လုပ်ခွင့်မရအောင် ကြိုတင်ကာကွယ်ထားရန် လိုအပ်လာသည်။ သို့ရာ တွင် မည်သို့ ကာကွယ်တားဆီးကြမည်နည်း။

 

သုတေသနအထောက်အထားများ

 

ဦးနှောက်၏အစိတ်အပိုင်းများနှင့် အလုပ်လုပ်ပုံများကိုတိုင်းတာနိုင်သော functional MRI နည်းပညာကို၁၉၉၀ ပြည့်နှစ်ဦးပိုင်းမှ စတင်အသုံးပြုလာကြသည်။ သံလိုက်ဓာတ် ပဲ့တင်ပြန်မှုကိုအခြေခံ၍ သွေးလှည့်ပတ်မှုကိုတိုင်းသော ထိုနည်းဖြင့် ဦးနှောက်အစိတ်အပိုင်းများ၏ တည်နေရာနှင့် အရွယ်အစား ကိုသာမက သတိပဋ္ဌာန်ရှုမှတ်နေစဉ်လည်းကောင်း၊ ခံစားမှုများဖြစ်ပေါ်နေစဉ်လည်းကောင်း၊ လှုံ့ဆော်မှုများကို တုံ့ပြန်နေစဉ် လည်းကောင်း တက်ကြွစွာအလုပ်လုပ်နေသော ဦးနှောက်အစိတ်အပိုင်းများကို ဖော်ထုတ်နိုင်ခဲ့ကြ သည်။

 

ထိုနည်းဖြင့် သတိပဋ္ဌာန်အားထုတ်ခြင်းဖြင့် ဦးနှောက်အလုပ်လုပ်ပုံပြောင်းလဲသွားပုံကို လေ့လာခဲ့ကြသည်။ သီးခြားစီပြုလုပ်သောလေ့လာချက် ၁၆ ခုတွင်သတိပဋ္ဌာန်အားထုတ်သူများသည် ဒေါသစိတ်များနှင့် စိတ်အလို မကျမှုများကို ထိန်းချုပ်လာနိုင်ကြောင်းတွေ့ရသည်။

 

အမေရိကန်နိုင်ငံ့ University of California, School of Medicine မှပြုလုပ်သော တွေ့ရှိချက်တွင်သတိပဋ္ဌာန်အားထုတ်နေစဉ် အယဉ်စိတ်ဦးနှောက် Prefrontal Cortex သည် အားကောင်းစွာ အလုပ်လုပ်နေပြီး တစ်ချိန်တည်းမှာပင် အရိုင်းစိတ်ဦးနှောက် Amygdala သည် အစွမ်းမဲ့လျက်ရှိကြောင်း ဖော်ပြခဲ့သည်။ [ Psychological Science (2007). Vol:18, No:5, Pg 421-428]  ဒေါက်တာ Sara Lazar (Harvard Medical School, Masschusetts) သည် စွဲမြဲစွာသတိပဋ္ဌာန်အားထုတ်သူများ၏ Prefrontal Cortex သည် အခြားသူများထက်ပိုမို၍ ထုထည်ကြီးမား ကြောင်း ၂၀ဝ၅ ခုနှစ်တွင် တွေ့ရှိခဲ့သည်။ [Neuroreport, 2005 Nov 28: 16(17):1893-1897] သူ၏အခြားလေ့လာမှုတစ်ခုတွင်လည်း သတိပဋ္ဌာန်အားထုတ်သူများ၏ Amygdala သည် အားထုတ်ခြင်း မရှိသူများ ထက် အရွယ်အစားသေးငယ်ကြောင်း ဖော်ပြခဲ့သည်။ 

 

ထို့အပြင် သီးခြားစီလေ့လာသော အခြားလေ့လာ မှုပေါင်း၂၁ ခုကို သတိပဋ္ဌာန်အလေ့အကျင့်ရှိသူ လူပုဂ္ဂိုလ်၃၀ဝ တို့အပေါ်တွင် ပြုလုပ်ခဲ့ကြသည်။ ထိုသူများ၏ ဦးနှောက်တွင် ဆဲလ်အချင်းချင်းဆက်သွယ်သော ကွန်ရက်များသည် အခြားသူများထက် ပိုမိုများပြားကြောင်း တညီတညွတ်တည်း ဖော်ပြကြသည်။ တွေ့ရှိကြသမျှသော အထောက်အထားများ အားလုံးသည် တစ်ခုတည်းသောအချက်ကို ဖော်ပြနေသည်။ သတိပဋ္ဌာန်ကို စွဲမြဲစွာအားထုတ်ခြင်းသည် အရိုင်း စိတ်ဖြစ်ပေါ်မှုကို တားဆီးထားနိုင်သည်ဟူသော အချက်ဖြစ်သည်။

 

ရှုမှတ်ကြပုံ

 

သုတေသနတွင် ပါဝင်သူအားလုံးသည် ဗုဒ္ဓမြတ်စွာ၏ ဝိပဿနာရှုနည်းကိုအခြေခံ၍ ရှုမှတ်ကြသည်။ ပါမောက္ခဒေါက်တာ John Kabat-Zinn  (၁၉၉၄) က သတိပဋ္ဌာန်ရှုမှတ်ခြင်းကို ဤသို့ အဓိပ္ပာယ်သတ်မှတ်သည်။ “လတ်တလော ကိုယ်နှင့်စိတ်တို့တွင် ဖြစ်ပေါ်လာ သော အာရုံများ၊ ခံစားမှုများနှင့် ဝေဒနာများကိုအကောင်း၊ အဆိုး မဝေဖန်ဘဲ ပေါ်သည့်အခိုက်တွင်သိရှိနေရန် အားထုတ်ခြင်း”ဟု ဖြစ်သည်။

 

ဒေါက်တာ J A Brewer (2011) Yale University, School of Medicine သည် R A I N ဟု သူအတိုကောက် ခေါ်ဆိုထားသောနည်းကို အသုံးပြုခဲ့သည်။ 
Recognize: ဖြစ်ပေါ်လာသောခံစားမှုများနှင့်ဝေဒနာများကို သိရှိနေစေခြင်း၊

Accept:  ဖြစ်ပေါ်လာသောခံစားမှုများနှင့် ဝေဒနာများ ကို ငြင်းပယ်ရန်၊ လမ်းလွှဲရန် မကြိုးစားဘဲ လက်ခံနေ စေခြင်း၊

Investigate: ဖြစ်ပေါ်လာသော ခံစားမှုများနှင့်ဝေဒနာများ၏ သဘောသဘာဝကိုသိရှိနေစေခြင်း၊

Note: ဖြစ်ပေါ်လာသော ခံစားမှုများနှင့် ဝေဒနာများ၏ ခေတ္တဖြစ်သောသဘော၊ အကောင်အထည် မရှိသော သဘောကို သိရှိနေစေခြင်းတို့ ဖြစ်သည်။

 

ဒေါက်တာ Metthew D. Lieberman (2007) University of California, Los Angeles ကမူ Affect labeling ဟု အမည်ပေးထားသောနည်းကိုအသုံးပြုခဲ့သည်။ ကိုယ်နှင့်စိတ်တို့တွင် ဖြစ်ပေါ်လာသော အာရုံများ၊ ခံစားမှုများနှင့် ဝေဒနာများကို ဖြစ်ပေါ်သည့်အခိုက် စကားလုံးများဖြင့် စိတ်ထဲတွင် ရွတ်ဆိုစေ၍ ရှုမှတ် စေခဲ့သည်။ အာရုံထဲတွင် တစ်စုံတစ်ခုကိုမြင်လျှင်မြင်တယ် မြင်တယ်ဟု လည်းကောင်း၊ အသံတစ်ခုကြား လျှင် ကြားတယ် ကြားတယ်ဟု လည်းကောင်း၊ ခြေ၊ လက်များ ထုံကျဉ်လျှင် ထုံတယ် ထုံတယ်ဟုလည်းကောင်း ရှုမှတ်စေခဲ့သည်။ နှစ်ဦးစလုံး၏နည်းများသည် ထိရောက်မှုရှိကြောင်း တွေ့ရှိခဲ့ကြသည်။

 

သတိပဋ္ဌာန်နှင့် တို့မြန်မာ

 

လွန်ခဲ့သောနှစ်ပေါင်း ၂၅၀ဝကျော်က ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူခဲ့သော သတိပဋ္ဌာန်ကျင့်စဉ်ကို ယနေ့ခေတ် အနောက်နိုင်ငံများတွင် စတင်ကျင့်သုံးနေကြပြီဖြစ်သည်။ ပြုလုပ်သင့်သည့် အလေ့အကျင့်တစ်ရပ် ထက်ပြုလုပ်ရမည့်အလေ့အကျင့်အဖြစ် စတင်လက်ခံလာ ကြပြီဖြစ်သည်။ သို့သော် သူတို့သိရှိကြသမျှသည် သတိပဋ္ဌာန်ရွှေတောင်ကြီး၏ မျက်နှာပြင်ကို စူးတစ်ချောင်းဖြင့်ခြစ်မိရုံမျှသောပမာဏကို တွေ့ရှိကြခြင်းဖြစ်သည်။

 

စာရေးသူတို့ မြန်မာလူမျိုးတို့သည် မြင့်မြတ်သောသတိပဋ္ဌာန်တရားတော်ကြီး၏ အကျိုးကျေးဇူးကြီးမားပုံကို ငယ်စဉ်တောင်ကျေး ကလေးဘဝမှစတင်၍ ထိတွေ့နားလည်လာခဲ့ကြသည်။ ယနေ့အချိန်တွင် မှန်ကန်သော နည်းလမ်းများဖြင့် ထိရောက်စွာအားထုတ်နိုင်ရန် ညွှန်ပြပေးနေသော ရိပ်သာပေါင်းများစွာလည်း ရှိနေသည်။ အရိုင်းစိတ်၏ လွှမ်းမိုးမှုကို ကာကွယ်ထားနိုင်သော နည်းလမ်းသည် လက်တစ်ကမ်းတွင် ရှိနေသည်။

 

ဤဆောင်းပါးဖြင့် မျှဝေလိုသည်မှာ သတိပဋ္ဌာန်အားထုတ်ခြင်းကို စွဲမြဲစေခြင်းဖြင့် ဘုရားရှင်အဆူဆူတို့ ဆုံးမတော်မူခဲ့သည့်အတိုင်း မကောင်းမှုများကိုရှောင်၍ ကောင်းမှုများကိုဆောင်ကာ မိမိစိတ်ကို ဖြူစင်အောင် ထားနိုင်မည်ဖြစ်ကြောင်း တင်ပြလိုက်ပါသည်။