မန္တလေး ၃၀ ဇန်နဝါရီ 


တောင်သမန်အင်းအတွင်း၌ ငှက်လှေစီး၍ ဦးပိန်တံတားနေဝင်ဆည်းဆာအလှကြည့်ရှုရန် ပြည်တွင်းပြည်ပ ခရီးသွားများ စည်ကားများပြားလျက်ရှိရာ ငှက်လှေအငှားလိုက်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။


“စက်လှေငှားရမ်းခက တစ်စီးကို ငွေကျပ် ၁၅၀ဝ၀ ပါ။ ပြည်ပ ခရီးသွားတွေက ညနေနေဝင်ဆည်းဆာကြည့် ချင်တော့  နေဝင်တဲ့အထိ အင်းထဲမှာ လှည့်လည်ပို့ဆောင်ပေးရတယ်။ တောင်သမန်အင်းမှာ ငှက်လှေ အငှားလိုက်တာ အစီး ၁၀ဝ ကျော်ရှိတယ်။  ညနေပိုင်းဆို ငှက်လှေ အကုန်လုံး အငှားလိုက်ရတယ်။ လောက်တောင် မလောက်ဘူး။ ပြည်ပခရီးသွား ငှက်လှေစီးသူအများစုမှာ ကြိုတင်စနစ် ငှားရမ်းကြပါတယ်’’ ဟု တောင်သမန်အင်း၌ ငှက်လှေအငှားလိုက်သူတစ်ဦးက ပြောသည်။


“မြန်မာနိုင်ငံက ဦးပိန်တံတားကို လျန်ချန်း-မဲခေါင် အဖွဲ့နဲ့ ပထမဦးဆုံး ရောက်ဖူးတာပါ၊ ဦးပိန်တံတားနေဝင် ဆည်းဆာကြည့်ရတာ အရမ်းကိုလှပပါတယ်။ အရမ်းလည်းသာယာပါတယ်။ မြန်မာနိုင်ငံက ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်လည်းဖြစ်ပြီး သာယာလှပတဲ့ နေရာကို လေ့လာခွင့်ရတာ  အရမ်းပျော်ရွှင်မိပါတယ်။ ဂုဏ်လည်း ယူပါတယ်”ဟု ထိုင်းနိုင်ငံ မှ လာရောက်လည်ပတ်သူ Miss Suttimas Kumdee  က ပြောကြားသည်။


ကမ္ဘာကျော်ဦးပိန်တံတားသို့ ပြည်တွင်း ပြည်ပခရီးသွား လာရောက်လည်ပတ်သူများ နေ့စဉ် စည်ကားလျက်ရှိရာ တောင်သမန်အင်းအတွင်း၌ ငှက်လှေစီးသူများပြား၍ ငှက်လှေအငှားလိုက်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။


သန်းဇော်မင်း(ပြန်/ဆက်)

 

mdn