ဝန်းသို ဒီဇင်ဘာ ၁၀

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ခု (၆ )လဘဏ္ဍာရေးနှစ်အတွင်း (VDP)ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ရန်ပုံ ငွေ ကျပ်သိန်း(၇၀၀)အသုံးပြု၍ ကျေးရွာပေါင်း ၇ ရွာတွင် လမ်း၊ တံတားနှင့် ရေပေးရေးလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်း ထံမှ သိရသည်။

 

ကျေးရွာတစ်ရွာလျှင် စီမံကိန်းရန်ပုံငွေကျပ်သိန်း ၁၀၀စီဖြင့် ဝန်းသိုမြို့နယ် တုံးကြိတ်ကျေးရွာနှင့် ချမ်းမြသီတာကျေးရွာတို့တွင် လမ်းအရှည်ပေ(၅၀၀)ရှိ ရွာတွင်းလမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း၊ ပန်းညို ကျေးရွာနှင့် သင်တောကျေးရွာတို့တွင် လမ်းအရှည်ပေ(၃၀၀၀)ရှိ ရွာတွင်းလမ်း ဂျင်းမြေ/သဲကျောက်/ ကျောက်ရော မြေခင်းခြင်းလုပ်ငန်း၊ ဆပ်သွားကျင်းကျေးရွာတွင် မြေသားလမ်းချဲ့ခြင်းလုပ်ငန်း၊ ဂွေးကုန်း ကျေးရွာတွင် ကွန်ကရစ်တံတား တည်ဆောက်ခြင်းလုပ်ငန်းနှင့် အောင်ဇာနည်ကုန်းကျေးရွာတွင် ရေရရှိရေ (စက်ရေတွင်း တူးဖော်ခြင်း) လုပ်ငန်းတို့ကို စုစုပေါင်းရန်ပုံငွေကျပ်သိန်း (၇၀၀)နှင့် ကျေးရွာပြည်သူ ပူးပေါင်း ထည့်ဝင်ငွေကျပ် (၂၅.၆)သိန်းတို့ဖြင့် ကျေးရွာပြည်သူများကိုယ်တိုင် အကောင်အထည် ဖော်ဆောင်ရွက်သွားမည်ဖြစ်သည်။

 

ဝန်းသိုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ (VDP) ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်းကို ၂၀၁၇-၂၀၁၈ ခုဘဏ္ဍာရေးနှစ်မှ ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာရေးနှစ်အထိ  ကျေးရွာပေါင်း (၁၂၀) တို့တွင် လမ်း၊ တံတား၊ ရေရရှိရေး စသည့်ဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ခဲ့ပြီး ယခု ကျေးရွာပေါင်း ၇ ရွာတို့၌  ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပြီးစီးပါက အိမ်ခြေ (၄၂၁)အိမ်၊  အိမ်ထောင် စု(၄၂၂)စု၊ လူဦးရေ (၂၂၇၄)ဦးတို့အတွက် များစွာ အကျိုးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

မြို့နယ် (ပြန်/ဆက်)