Viber တွင် လုံခြုံမှု ပိုမိုအားကောင်းလာစေရန် Two-step verification ထည့်သွင်း

ရန်ကုန် မေ ၄

ကမ္ဘာပေါ်တွင်ရော မြန်မာနိုင်ငံတွင်ပါ အသုံးပြုသူများသော စာတိုပို့ဆောင်ရေးနှင့် အသံအခြေပြု ဆက်သွယ်ရေး အက်ပလီကေးရှင်းတစ်ခုဖြစ်သည့် Viber တွင် အသုံးပြုသူများ၏ ကိုယ်ရေးအချက်အလက်များ လုံခြုံမှုပိုမိုကောင်းမွန်စေရန် Two-step verification လုပ်ဆောင်ချက်အသစ်ကို ဧပြီလကုန်ပိုင်းမှစ၍ ထည့်သွင်းပေးထားပြီဖြစ်ကြောင်း သိရသည်။

Two-step verification လုပ်ဆောင်ချက်ကို အသုံးပြုရန်အတွက် အီးမေးလ်ကို အသုံးပြု၍ Viber account တစ်ခုအတွက် ဂဏန်းခြောက်လုံးပါ လျှို့ဝှက်ကုဒ်ကို ဖန်တီးရမည်ဖြစ်ပြီး ထိုသို့ဖန်တီးပြီးပါက ပုံမှန်အသုံးပြုနေကျမဟုတ်သော မိုဘိုင်းဖုန်း သို့မဟုတ် ကွန်ပျူတာများမှတစ်ဆင့် အဆိုပါ viber account သို့ ဝင်ရောက်သည့်အခါ ဖန်တီးသတ်မှတ်ထားသော ကုဒ်နံပါတ်ကို ထည့်သွင်းခြင်းဖြင့် ဝင်ရောက်ရမည်ဖြစ်၍ Viber account များကို အသုံးပြုရာတွင် ပို၍ လုံခြုံမှုရှိစေမည်ဖြစ်သည်။ ဖုန်းပျောက်ဆုံးလျှင်လည်း သတ်မှတ်ထားသော ကုဒ်နံပါတ်ကို အသုံးပြု၍ အခြား မိုဘိုင်းဖုန်း သို့မဟုတ် ကွန်ပျူတာများမှတစ်ဆင့် ဝင်ရောက်ကာ ပျောက်သောဖုန်းပေါ်ရှိ Viber account ကို ပိတ်လိုက်နိုင်မည်ဖြစ်သည်။

Viber တွင် စာတိုနှင့် အသံပို့ဆောင်ခြင်းကို ယခင်ကပင် end-to-end encrypted ပြုလုပ်ထားခြင်းကြောင့် အသုံးပြုသူတစ်ဦးက ပေးပို့လိုက်သည့် စာနှင့် အသံများ၊ အချက်အလက်များကို လက်ခံမည့်သူမှလွဲ၍ မည်သူမှ ဝင်ရောက်ကြည့်ရှုခြင်း မပြုနိုင်အောင် ဆောင်ရွက်ထားသည်။ ယခု ထပ်မံထည့်သွင်းပေးလိုက်သည့် Two-step verification ကလည်း အသုံးပြုသူများ၏ အချက်အလက်များကို ပိုမိုလုံခြုံမှုရှိစေမည်ဖြစ်ပြီး Viber အနေဖြင့် လက်ဗွေစနစ်အသုံးပြု၍ ဝင်ရောက်ခြင်းကိုလည်း ထောက်ပံ့ပေးနိုင်ရန် ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

ကျော်ဇင်ဦး
ကိုးကား - tbsnews.net