VRVC 2019 တိရစ္ဆာန်ဆေးကုပညာကွန်ဖရင့် တက်ရောက်ခြင်း

၃၀  ဇူလိုင်

အချိန်က မိုးဦးရာသီ၊ ဇွန်လနှောင်းပိုင်း။ ပြတင်းပေါက်မှတိုးဝင်လာသော လင်းပျပျနေရောင်ခြည်ကို အန်တုကာ လေယာဉ်တက်ကတည်းက မြေပြင်ရှုခင်းကို တစိုက်မတ်မတ်ငုံ့ကြည့်လာခဲ့မိသည်။ သံချေးတက်နေသော ခေါင်မိုးများ၊ ပြောင်ပြောင်လက်လက်သွပ်အသစ်နှင့်အိမ်များ၊ အကြီး၊ အသေး၊ အကျယ်အဝန်း မညီညာသော ခြံဝင်းများ၊ တဲအိမ်စုစုများ၊ ရွှံ့ရည်အပြည့်နှင့်လယ်ကွက်များ၊ တချို့လည်း ပျိုးပင်စိုက်ပြီးခါစ လယ်ကွက်များကိုတွေ့မြင်ရသည်။ ခပ်နိမ့်နိမ့်ပျံသန်းနေသောကြောင့် မောင်းနှင်သွားလာနေကြသော မော်တော်ကားများကိုပင် ကျိုးတိုးကျဲတဲ မြင်နိုင်သည်။

လမ်းအများစုက သွေ့ခြောက်လျက် အသွား အလာနည်းပါးသည်။ မြန်မာနိုင်ငံမြေပုံတွင် တံတိုင်းကြီးများပမာ ကာဆီးထားသော ရိုးမတောင်တန်းကြီးများ ရှိနေကြောင်း သတိရမိသောကြောင့် ယခုလို လေယာဉ်ခရီးဖြင့် ကောင်းကင်ပေါ်က ခရီးသွားရစဉ် ရှာဖွေနေမိရာ လေယာဉ်က ဘယ်ဘက်ကိုတိမ်းလိုက်၊ ညာဘက်ကိုကွေ့ဝိုက်လိုက်၊ နိမ့်ချည်၊ မြင့်ချည်၊ စောင်းလိုက်နှင့်မို့မိုးသားပြာပြာအောက်က တိမ်ဖြူလွှာတွေကိုသာ တွေ့မြင်နေရသည်။

ရုတ်တရက် မြင်ကွင်းကပြောင်းသွားသည်။ စိမ်းမြနေသော စတုဂံပုံလယ်ကွက်များ၊ မျဉ်းပြိုင်သဖွယ် ညီညာနေသော အနားသတ်များ၊ သစ်ပင်အုပ်အုပ်ဆိုင်းဆိုင်းနှင့် ကျေးရွာများ၊ ကျေးရွာအထိ ဖြောင့်ဖြူးနေသော ကားလမ်းများ၊ အသွားအလာမပြတ်သည့်မော်တော်ကားများကို မြင်လိုက်ရသည်နှင့်တစ်ပြိုင်နက် တစ်ဖက်နိုင်ငံထဲသို့ ရောက်နေပြီကို အလိုအလျောက်သိလိုက်ရပါသည်။

များမကြာမီ အချိန်အတွင်း စနစ်တကျ အကွက်ချထားသော လုံးချင်းအိမ်လေးများ၏ ခေါင်မိုးနီနီများ၊ အစီအရီ လှလှပပခြံဝင်းလေးများက အမြင်အာရုံထဲပြေးဝင်လာသည်။ တဖြည်းဖြည်း မြို့ကြီးပေါ်ရောက်လာသောအခါ မိုးမျှော်တိုက်ကြီးများ၊ မိုးပျံရထားလမ်းများ၊ မိုးပျံကားလမ်းအထပ်ထပ်များကို စီးမိုးမြင်နေရသည်။ ဘယ်လောက်မျှမကြာလိုက်သေးခင် ဒွန်မောင်း (Don Maung Airport)) လေဆိပ်သို့ ဆိုက်ရောက်သွားပါ တော့သည်။

သုဝဏ္ဏဘူမိလေဆိပ် (Suvarnabhumi International Airport)ကိုသာ အကြိမ်ကြိမ်အခါခါ ရောက်ဖူးသောကြောင့် တစ်ခါမျှမရောက်ဖူးသော မူလလက်ဟောင်း ဒွန်မောင်းလေဆိပ်အား စူးစမ်းလေ့လာ အကဲခတ်မိပါသည်။ လွန်ခဲ့သော နှစ် ၂၀ ခန့်က ဝန်နှင့်အား၊ လေးနှင့်မြား မမျှသည့်လေဆိပ်၊ ယာဉ်ကြောပိတ်ဆို့မှုပြဿနာ ကြီးမားသည့် လေဆိပ်အဖြစ် နာမည်ကျော်ခဲ့ဖူးသည်။ ယခုတော့ လေဆိပ်အဟောင်းဟု မပြောဘဲ သိသာနိုင်သော်လည်း လူသူရှုပ်ထွေး စည်ကားမြဲပင်။ လူဝင်မှုကြီးကြပ်ရေးဂိတ်ကို ဖြတ်သန်းသည့်အခါ သုဝဏ္ဏဘူမိထက်ပင် လုံခြုံရေးတင်းကျပ်သေးသည်။ လက်မနှစ်ချောင်း၏ လက်ဗွေများအပြင် လက်ချောင်း ၁၀ ချောင်းလုံး၏ လက်ဗွေများကိုလည်း စစ်ဆေးပါသည်။

ထို့နောက် လေဆိပ်ထဲမှထွက်လာကြရာ မြန်မာနိုင်ငံမှ တိရ္ဆာန်ဆေးကုဆရာဝန်များကို အစစအရာရာ တာဝန်ယူခေါ်ဆောင်လာသော မြန်မာဆေးကုမ္ပဏီနှင့် ချိတ်ဆက်ထားသည့် ထိုင်းလူမျိုး Vet surgeon တစ်ဦးက လာရောက်ကြိုဆိုပြီး တည်းခိုရမည့် Ibis Impact hotel သို့ ပို့ဆောင်ပေးခဲ့သည်။ သို့သော်ဟိုတယ်သို့ဝင်ရန် အချိန်စောနေသေး၍ ဗန်ကောက်မြို့ထဲသို့ အလည်အပတ်ထွက်ကြပါသည်။ BTS (Bangkok mass Transit System) ခေါ် Skytrain စီးပြီးသွားကြရာ လွန်ခဲ့သောရှစ်နှစ်က ပထမဆုံးအကြိမ် စီးခဲ့ဖူးသည်ကို ပြန်လည်သတိရမိပါ၏။ ယခုအခါ ကောင်းကင်ရထား (Skytrain)စနစ် များစွာတွင်ကျယ်လာ၍ နေ့စဉ်စီးနင်းသူပေါင်း ခုနစ်သိန်းခွဲခန့် ရှိနေပြီဟုသိရသည်။

ရှော့ပင်းမောကြီးများကား အဆောင်ဆောင်အထပ်ထပ်နှင့် တစ်မျှော်တစ်ခေါ် ရှုကြည့်၍မဆုံးနိုင်အောင် ကြီးမားကျယ်ပြန့် စည်ကားလှပေသည်။ အမျိုးသမီးနှင့် ကလေးအဝတ်အထည်များရောင်းချသော ဆိုင်များ၏ အရောင်းဝန်ထမ်းအချို့က မြန်မာလူမျိုးများ ဖြစ်နေသည့်အပြင် စားသောက်ဆိုင်များတွင် ပြင်ဆင်ချက်ပြုတ် ကြော်လှော်နေသူများမှာ မြန်မာအလုပ်သမားများ ပါဝင်နေသည်ကို တွေ့ရသည်။

နောက်တစ်နေ့တွင် IMPACT Exhibition and Convention Center တွင် ကျင်းပသော VPAT REGIONAL VETERINARY CONGRESS (VRVC 2019) ကို တက်ရောက်ရန် ခန်းမကြီးသို့ သွားရပါသည်။ ဤကွန်ဖရင့်ကြီးကို ထိုင်းနိုင်ငံရှိ တိရစ္ဆာန်ဆေးကုဆရာဝန်များအသင်းကြီး (VETERINARY PRATI- TIONER ASSOCIATION THAILAND -VPAT) က ကြီးမှူးကျင်းပပေးခြင်းဖြစ်ပြီး ယခုဆိုလျှင် ၁၉ ကြိမ်မြောက် ရှိပါပြီ။ ၂၀ဝ၇ ခုနှစ်မှစ၍ ဤကွန်ဖရင့်ကြီးသည် အာရှ၏ တိရစ္ဆာန်ဆေးကုပညာ ဆေးပညာကွန်ဖရင့်များအနက် အဓိကကျသော ကွန်ဖရင့်ကြီးတစ်ခုအဖြစ် အောင်မြင်ကျော်ကြားလာခဲ့သည်။

VRVC ၏ အဓိကရည်ရွယ်ချက်မှာ တိရစ္ဆာန်ဆေးကုပညာနှင့်ပတ်သက်ပြီး အသိပညာရပ်များ ချိတ်ဆက်ဖလှယ်ရန် ဖြစ်ပါသည်။ ထို့ကြောင့်ထိုင်းနိုင်ငံရှိ VRVC အဖွဲ့ကြီးက ကမ္ဘာ့အဆင့်မီ တိရစ္ဆာန်ဆေးပညာရှင်များစွာကို ဖိတ်ခေါ်ပြီး စိတ်ဝင်စားဖွယ် ပညာရပ်ပိုင်းဆိုင်ရာ အတွေ့အကြုံ အသိပညာ ဘာသာရပ်အမျိုးမျိုးကို ဟောပြောပို့ချစေပါသည်။ ဥပမာ - ကူးစက်ရောဂါများ၊ မျက်စိရောဂါများ၊ ခွဲစိတ်ပညာ၊ ရောဂါရှာဖွေစမ်းသပ်ခြင်း၊ မျိုးပွားပညာ စသည်တို့ဖြစ်သည်။ ဤအဖွဲ့ ကြီးက တိရစ္ဆာန်ဆေးကုဆရာဝန်များ၏ ပညာရပ်ပိုင်းဆိုင်ရာ၊ ကုသမှုပိုင်းဆိုင်ရာ လက်တွေ့လုပ်ဆောင်ချက်များ၊ ကိုယ်ကျင့်သိက္ခာဆိုင်ရာနှင့် ပေါင်းသင်းဆက်ဆံရေးများ၊ ဥပဒေပိုင်းဆိုင်ရာ ကိစ္စများကို ထောက်ပံ့ကူညီပေးပါသည်။ အဓိကရည်မှန်းချက် ပန်းတိုင်တစ်ခုမှာ တိရစ္ဆာန်ဆေးကုပညာရပ်တွင် အဆင့်အတန်းမီမီ တစ်ပြေးတည်းဖြစ်စေရေးနှင့် စဉ်ဆက်မပြတ် သင်ယူလေ့လာခြင်းကို ထိန်းသိမ်းထားနိုင်ရေးပင် ဖြစ်သည်။

VRVC ၏ ရည်မှန်းချက်များမှာ -

- တိရစ္ဆာန်ဆေးပညာ သက်မွေးဝမ်းကျောင်း အတတ်ပညာကို ကိုယ်စားပြုနိုင်ရေး၊ အဖွဲ့ဝင်ဆရာဝန်များ ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်ရေး။

- သက်မွေးဝမ်းကျောင်းအတတ်ပညာ ဆက်လက်ဖွံ့ဖြိုးတိုးတက်အောင် ထောက်ပံ့ကူညီကြပ်မတ်ရေး။

- တစ်ဦးချင်း တစ်ယောက်ချင်းသော်လည်းကောင်း၊ အဖွဲ့လိုက်သော်လည်းကောင်း ပညာဆည်းပူး လေ့ကျင့်စေရေး။

- တိရစ္ဆာန်ဆေးကုဆရာဝန်အသင်းကြီးသည် အခြားအသင်းအဖွဲ့များ၊ ပညာရှင်များ၊ ပြည်သူလူထုများနှင့်အတူ တက်ကြွပူးပေါင်းဆောင်ရွက်နိုင်ရေးတို့ ဖြစ်ကြပါသည်။

အခမ်းအနားကျင်းပမည့် IMPACT ခန်းမကြီးကိုရောက်လျှင်ရောက်ချင်း ဆရာဝန်အမည်စာရင်း မှတ်ပုံတင်ရသည်။ ဖွင့်ပွဲကျင်းပမည့်ခန်းမကြီးနှင့် ပြခန်းများအကြားတွင် ပိုစတာအများအပြား ပြသထားသည်ကိုတွေ့ရသည်။

ကွန်ဖရင့်ဖွင့်ပွဲအခမ်းအနားတွင် အဖွင့်မိန့်ခွန်း ပြောကြားခြင်း၊ ရာမယနဇာတ်လမ်းတို့ဖြင့် ဖျော်ဖြေခြင်း၊ တစ်ဦးချင်းထူးချွန်သူများ၊ အဖွဲ့လိုက်ထူးချွန်သူများကိုဂုဏ်ပြုဆု ချီးမြှင့်ခြင်းများ ပြုလုပ်ပါသည်။ အစီအစဉ်များပြီးမှ ပြခန်းများရှိရာခန်းမကြီးကို ဖွင့်လှစ်ကာ ဝင်ရောက်ခွင့်ပြုလိုက်သည်။ တိရစ္ဆာန်ဆေးဝါးအမျိုးမျိုး၊ အသုံးအဆောင်အမျိုးမျိုး၊ အစာအမျိုးမျိုး၊ ပစ္စည်းကိရိယာအမျိုမျိုးတို့ကို ပြသထားသောပြခန်းများကား စုံလင်ပေစွ။ နာမည်ကျော် ကုမ္ပဏီကြီးများ၏ ပြခန်းများကိုလည်း တွေ့ရသည်။ စိတ်အာရုံကို ဖမ်းစားနိုင်သော ပြခန်းများစွာရှိသော်လည်း ကမ္ဘာ့အဆင့်မီ ပရော်ဖက်ဆာကြီးများက ဟောပြောပို့ချမည့် သင်ခန်းစာ များကိုသင်ယူလေ့လာလိုသောကြောင့် ပြခန်းများကို အာရုံဖြတ်တောက်ခဲ့ပါသည်။

အင်္ဂလိပ်ဘာသာ၊ ထိုင်းဘာသာများဖြင့်ပို့ချသော အခန်းခြောက်ခန်းရှိရာ အင်္ဂလိပ်ဘာသာဖြင့်ပို့ချသော ဆရာဝန်ကြီးများမှာ ဆွစ်ဇာလန်၊ နယ်သာလန်၊ ဖလော်ရီဒါ၊ ကိန်းဘရစ်ချ်တို့မှ ပါမောက္ခကြီးများ ဖြစ်ကြသည်။ တက်ရောက်ကြသူ တိရစ္ဆာန်ဆေးကုဆရာဝန်များသည် ထိုင်း၊ မလေးရှား၊ လာအို၊ ဖိလစ်ပိုင်၊ မြန်မာနှင့် အာရှနိုင်ငံများမှဖြစ်ကြပြီး ဩစတြေးလျနိုင်ငံသားအချို့ပင် ပါဝင်လိုက်သေးသည်။ ထူးထူးခြားခြား သင်ကြား ပို့ချမှုတစ်ခုမှာ ခွေး၏ဦးနှောက်ထဲမှ ကင်ဆာကျိတ်အမျိုးမျိုးကို ရောဂါရှာဖွေခြင်းနှင့် ခွဲစိတ်ကုသခြင်း ဖြစ်ပါသည်။

ဟောပြောပို့ချချက်များသည် ခေတ်မီတိုးတက်လှသော ဆေးပညာရပ်များဖြစ်ကြပြီး သင်ယူရသည်မှာ အဖိုးတန်လှပါသည်။ ပြခန်းများတွင် ထူးထူးခြားခြား စိတ်ဝင်စားမိသည်မှာ ရောဂါရှာဖွေစမ်းသပ်ကုသသည့် စက်ကိရိယာအမျိုးအစားများ ဖြစ်ကြသည်။ မေ့ဆေးပေးစက်၊ သွေးစစ်ဆေးသည့်စက်၊ အီးစီဂျီ၊ အာထရာဆောင်း၊ Echo စက်၊ ဆီးစစ်သည့်စက်၊ လေဆာကုထုံးအတွက် လေဆာစက်စသည်တို့ကို မြင်ရသောအခါ သူတို့နိုင်ငံ၌ တိရစ္ဆာန်ဆေးကုပညာအဆင့်အတန်း မည်မျှမြင့်မားခေတ်မီနေမည်ကို မှန်းဆနိုင်ပါသည်။

ရောဂါရှာဖွေ စမ်းသပ်စစ်ဆေးသည့် စက်ကိရိယာ အမျိုးမျိုးကို လွန်ခဲ့သောခြောက်နှစ်က ဟောင်ကောင်နိုင်ငံရှိ ဆေးရုံတစ်ခုတွင် တွေ့မြင်လေ့လာဖူးသော်လည်း ယခုလို တစုတဝေးတည်းမြင်ရမှ အမျိုးအစား ပိုမိုစုံလင်ကြောင်း တွေ့ခဲ့ရသည်။ လူတို့၏ ကျန်းမာရေးစောင့်ရှောက်မှုများကို လေ့လာကြည့်လျှင်လည်း ဘန်ကောက်ဆေးရုံကြီးမှာ ကိုယ်တိုင်ခွဲစိတ်ကုသမှု ခံယူဖူးသူတစ်ယောက်အနေဖြင့် သူတို့၏ ဆေးပညာ အဆင့်အတန်းကို ကောင်းစွာနားလည်သဘောပေါက်ပါသည်။

“မြန်မာပြည်မှာ ခွဲလို့မရနိုင်သေးဘူး” ဆိုသော သမားတော်ကြီး စကားကြောင့်သာ နိုင်ငံခြားကိုအားကိုး ခဲ့ရခြင်းဖြစ်သည်။ ရှုပ်ထွေးခက်ခဲသော ကျန်းမာရေးပြဿနာများဖြစ်လာတိုင်း အိမ်နီးချင်းနိုင်ငံကိုပြေးပြီး ကုသမှုခံယူရခြင်းမှာ ခေတ်မီတိုးတက်သောဆေးပညာ၊ ခွဲစိတ်ပညာများအား ဆရာဝန်များကို တစ်ပြေးညီ တိုးတက်ကျွမ်းကျင်အောင် မွမ်းမံသင်ကြားနိုင်ခြင်း၊ ခေတ်မီရောဂါ ရှာဖွေရေးစက်သစ်ကြီးများကို မြန်ဆန်စွာ အစားထိုး ဖြည့်တင်းသုံးစွဲနိုင်ခြင်းတို့ကြောင့် ဖြစ်မည်ဟု သုံးသပ်မိပါ၏။

ထိုင်းနိုင်ငံရှိ Kasetsart Vet University တွင် မဟာဘွဲ့ရပြီး ယခု Chularlongkorn တက္ကသိုလ်တွင် ပါရဂူဘွဲ့အတွက် တက်ရောက်သင်ကြားနေသော တပည့်လေးက ပြောခဲ့ဖူးသည်။ “ Teaching Hospital မှာVet ကျောင်းသား ကျောင်းသူလေးတွေဟာ ECG၊ Ultrasounds? Echo ရိုက်တဲ့အခန်းတွေ၊ ကင်ဆာယူနစ်က Radiation? Chemotherapy ပေးတဲ့အခန်းတွေကို တစ်ခန်းဝင်တစ်ခန်းထွက်နဲ့ သင်ကြရတာတီချယ်၊ ကျောင်းမှာသင်ခဲ့ရတာရော၊ တီချယ့်ဆေးခန်းမှာ တီချယ်သင်ပေးဖူးတာတွေရော မှတ်မိနေလို့ Clinical sign တွေမြင်တာနဲ့ အဲဒါ ဘာကေ့စ်မဟုတ်လားလို့ မေးလိုက်ရင် မှန်နေတာပဲတီချယ်” တဲ့။ မှန်ပါသည်။ တိရစ္ဆာန်ဆေးကုပညာရပ်သည် ပိုင်ရှင်များကပြောပြသော ရောဂါရာဇဝင်နှင့်ဆရာဝန်က စမ်းသပ်စစ်ဆေးတွေ့ရှိသော ရောဂါလက္ခဏာများအား မူတည်ပြီး ကုသရခြင်းဖြစ်သဖြင့် သင်ကြားထားသော ပညာရပ်အပေါ် များစွာအခြေခံနေပါသည်။ “ပိုင်ရှင်တွေတော့ ပိုက်ဆံအများကြီး ကုန်တာ တီချယ်။ Tနျအ ပေါင်းစုံလုပ်ရတာဆိုတော့လေ” တပည့်လေး၏စကားက မှန်ပါသည်။ ရောဂါရှာဖွေစမ်းသပ်မှုနှင့် ကုသမှု ခက်ခဲနက်နဲလေ ကုန်ကျစရိတ်များပြားလေဖြစ်မှာပါ။

မြန်မာနိုင်ငံရှိ တိရစ္ဆာန်ဆေးကုပညာရပ်နယ်ပယ်တွင် တိရစ္ဆာန်တို့ကို ရောဂါရှာဖွေစမ်းသပ်ရာ၌ ပိုင်ရှင်များက ပေးအပ်သော ဘောင်အတွင်းမှာသာ ဆောင်ရွက်ပိုင်ခွင့်ရှိလေရာ သူတို့ခွင့်ပြုသလောက်သာ စမ်းသပ်စစ်ဆေးရပါ၏။ တစ်ခါတလေ သွေးစစ်ချက်အဖြေမရမီကပင် ရောဂါလက္ခဏာများက ညွှန်ပြသော ရောဂါအမည်ကို ဆရာဝန်က သိနှင့်နေပြီး ဖြစ်နေသည်။ ဤသို့ဆိုခြင်းကြောင့် စက်ကိရိယာများဖြင့် Test  အမျိုးမျိုး စစ်ဆေးရန်မလိုအပ်ဟု ပြောခြင်းမဟုတ်ပါ။ ရောဂါလက္ခဏာများနှင့် ရောဂါရာဇဝင်ကိုသာကြည့်ပြီး ကုသခြင်းသည် ရှေးရိုးစွဲဝါဒီတို့၏ အစွန်းတရားတစ်ခုဖြစ်သည်။ ဘယ်လိုလူနာမျိုးလာသည်ဖြစ်စေ Test မှန်သမျှ အားလုံးလုပ်ပြီး စစ်ဆေးမည်ဆိုသည်ကလည်း အစွန်းတရားတစ်ခု ဖြစ်နေသည်။ ယခုလို ဖွံ့ဖြိုးတိုးတက်မှုနောက်ကျနေသော အခြေအနေတွင် အစွန်းတရားနှစ်ပါးကို ရှောင်ကြဉ်ပြီး ကုသပေးမှ မှန်ကန်သည်ဟု ဒုတိယပါမောက္ခချုပ်(ငြိမ်း) ဒေါက်တာမောင်မောင်စံ (မွေး/ဆေးတက္ကသိုလ်)က သင်ကြားညွှန်ပြဖူးပါသည်။ ရှေးရိုးစွဲဝါဒကိုသာ ကျင့်သုံးနေလျှင် သူတစ်ပါးတို့အုတ်ဖြင့် တိုက်ဆောက်နေချိန်ဝယ် ဝါးတဲကလေးဖြင့်သာ နေနေရပေမည်။

စပ်ကူးမပ်ကူးကာလတွင် ရှဉ့်လည်းလျှောက်သာ၊ ပျားလည်းစွဲသာသော အခြေအနေမျိုးကို ဖန်တီးရင်း တိုးတက်အောင် ပြောင်းလဲရမည်ဖြစ်ရာ အသိပညာ ဗဟုသုတများကို စဉ်ဆက်မပြတ် လေ့လာဆည်းပူးရန် လိုအပ်လှပါသည်။ ပိုစတာများကို လေ့လာဖတ်ရှုကြည့်သောအခါမှာလည်း စိတ်ဝင်စားဖွယ်ရောဂါများကို မည်သို့ရှာဖွေစမ်းသပ်ပြီး မည်သို့ကုသခဲ့ကြောင်း ဓာတ်ပုံများ၊ ရုပ်ပုံများ၊ ဆေးကုသပုံနည်းလမ်းများ၊ ရလဒ်များ၊ ဆွေးနွေးချက်များ၊ နိဂုံးချုပ် ဖော်ပြချက်များအား ပြည့်ပြည့်စုံစုံ ဖော်ပြထားလေသည်။ ဤကွန်ဖရင့် တက်ရောက်ခွင့်ရခြင်းမှာ ပညာငတ်မွတ်သူတစ်ဦးအဖို့ ရေငတ်တုန်း ရေရှာတွေ့သည့်ပမာ အဖိုးအနဂ္ဃ ထိုက်တန်လှပါသည်။

မြန်မာနိုင်ငံတွင် မြန်မာနိုင်ငံ တိရစ္ဆာန်ဆေးကုဆရာဝန်များအသင်းကြီးနှင့် WSAVA တို့ပူးပေါင်းပြီး Seminar  များ ကျင်းပကာ ကမ္ဘာ့အဆင့်မီဆရာဝန်ကြီးများက လာရောက်ဟောပြောပို့ချလေ့ရှိရာ ဆရာဝန်များအနေဖြင့် လက်မလွှတ်သင့်သော အခွင့်အရေးများ ဖြစ်ကြပါ၏။

ဆေးပညာကား အစဉ်အမြဲ ခေတ်မီဆန်းသစ်တိုးတက်နေပါသည်။ နောက်ကျကျန်ခဲ့ပြီဟု စိတ်ပျက်အားလျော့စရာ မလိုအပ်သလို ထိုသို့ဖြစ်ခြင်းအတွက် သူတစ်ပါးကို အပြစ်တင်နေဖို့လည်း မလိုပါ။ ရောက်ရှိနေသည့်နေရာမှစတင်ပြီး တိုးတက်အောင် ပြုပြင်ပြောင်းလဲရပေမည်။ အရေးအကြီးဆုံးအချိန်ကတော့ ယခု လက်ရှိအချိန်ပဲ ဖြစ်ပါသည်။ ။

ဒေါက်တာ ခင်စန်းမော်