“ဝ” အထူးဒေသ (၂) ၏ ငြိမ်းချမ်းရေးနှစ် (၃၀) ပြည့် အခမ်းအနားတက်ရောက်ရန် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေနှင့်အဖွဲ့  ပန်ဆန်းမြို့သို့ ရောက်ရှိ

ပန်ဆန်း ၁၆ ဧပြီ

 

ဧပြီ ၁၇ ရက်တွင် ကျရောက်မည့် “ဝ” အထူးဒေသ (၂) ၏ ငြိမ်းချမ်းရေးနှစ် (၃၀) ပြည့်အခမ်းအနားသို့ တက်ရောက်ရန်အတွက် အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ ပြည်ထောင်စု ငြိမ်းချမ်းရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဋ္ဌေး၊ ပြည်ထောင်စု ငြိမ်းချမ်းရေးကော်မရှင်အကြံပေး ဦးမိုးဇော်ဦး တို့ပါဝင်သည့် အဖွဲ့သည် ယနေ့နံနက် ၆ နာရီခွဲက ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်မှတစ်ဆင် ထွက်ခွာရာ ကျိုင်းတုံလေဆိပ်သို့ရောက်ရှိကြပြီး ထိုမှတစ်ဆင့် ရဟတ်ယာဉ်ဖြင့် ဆက်လက်ထွက်ခွာရာ နံနက် ၉ နာရီ မိနစ် ၄၀ တွင် “ဝ” အထူးဒေသ(၂) ပန်ဆန်းမြို့သို့ ရောက်ရှိကြသည်။

 

mdn

 

ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့အား “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ ဒုဥက္ကဋ္ဌများဖြစ်ကြသည့် ဦးကျောက်ကော်အန်းနှင့် ဦးပေါက်ယူရိ၊ “ဝ” ပြည်သွေးစည်း ညီညွတ်ရေးပါတီ၏ ဒုတိယအထွေထွေအတွင်းရေးမှူးချုပ် ဦးရှောက်မီလျန်၊ ဗဟိုရုံးအုပ် ဦးအောင်မြင့်၊ လယ်ယာဆည်မြောင်းနှင့်စိုက်ပျိုးရေးဌာနအကြီးအမှူး ဦးလောရာခု၊ နိုင်ငံရေးဌာနအကြီးအမှူး ဦးရင်ဆန်းပိင်၊ မိုင်းမောခရိုင်အတွင်းရေးမှူး ဦးစိုက်ပေါင်းနှင့် “ဝ” အထူးဒေသ (၄၆၈)  တပ်မဟာမှူး ဦးပေါက်အိုက်ပန်းတို့က ကြိုဆိုနှုတ်ဆက်ကြသည်။

 

mdn

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေနှင့် အဖွဲ့အား “ဝ” ပြည် သွေးစည်း ညီညွတ်ရေးပါတီ ဥက္ကဋ္ဌ ဦးပေါက်ယူချန်းနှင့်အဖွဲ့က ပန်ဆန်းမြို့ “ဝ”  အထူးဒေသ(၂) ရုံး ဧည့်ခန်းမ၌ တွေ့ဆုံပြီး ဦးပေါက်ယူချန်းက ယခုကဲ့သို့ နိုင်ငံတော်အစိုးရ ကိုယ်စားလှယ်များ ပန်ဆန်းကို လာရောက်သည့်အတွက် ဝမ်းသာကြိုဆိုပါကြောင်း ပြောကြားသည်။

 

mdn

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ယခုအခမ်းအနားသို့ ကိုယ်တိုင် တက်ရောက်ခြင်း မပြုနိုင်သော်လည်း စာသဝဏ်လွှာပါးလိုက်ကြောင်း၊ “ဝ”  ဒေသ အောင်မြင်တိုးတက်ပါစေကြောင်း၊ နိုင်ငံတော်အစိုးရနှင့်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အတူတကွ တည်ဆောက်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အမြန်ဆုံး အောင်မြင်ပါစေကြောင်း  ပြောကြားသည်။

 

mdn

 

ဆက်လက်၍ ပြည်ထောင်စု ငြိမ်းချမ်းရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်က မိမိတို့နိုင်ငံ၏ နှစ်သစ်ကူးကာလနှင့်အတူ တစ်ထပ်တည်းကျရောက်နေသည့် “ဝ” ဒေသ၏ နှစ် ၃၀ ပြည့် ငြိမ်းချမ်းရေး အခမ်းအနားကို လာရောက်ပူးပေါင်း ဆောင်ရွက်ရသည့်အတွက်အထူးဝမ်းမြောက်ပါကြောင်း၊ “ဝ”  ဒေသအတွင်း နှစ် ၃၀ လုံး ကျည်ဆံ တစ်တောင့်မျှမထွက်ဘဲ ငြိမ်းချမ်းရေးကို တည်ဆောက် ထိန်းသိမ်းနိုင်ခဲ့သည့် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၏ စွမ်းရည်အပေါ် အသိအမှတ်ပြုလေးစားပါကြောင်း၊ ပြည်တွင်းငြိမ်းချမ်းရေးကို လက်နက်ကိုင်လမ်းစဉ်ဖြင့် ဖော်ဆောင်၍မရ၊ ညီအစ်ကို စိတ်ဓာတ်ဖြင့် ဖော်ဆောင်၍သာ ရနိုင်မည်ဟူသည့် ခိုင်မာသည့်စိတ်ဓာတ်ကို ထောက်ခံပါကြောင်း၊ “ဝ” ဒေသအတွက် လိုလားချက်နှင့် တောင်းဆိုချက်များကို ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရန် နိုင်ငံရေးနည်းဖြင့် တစ်ဆင့်ချင်း ညှိနှိုင်းဆွေးနွေး နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် ဖိတ်ခေါ်ပါကြောင်း စသည်ဖြင့်ပြောကြားသည်။

 

mdn

 

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေနှင့် အဖွဲ့အား “ဝ”  ကိုယ်ပိုင် အုပ်ခွင့်ရဒေသမှ တာဝန်ရှိသူများက နားလော့ရိပ်သာတွင် နေ့လယ်စာဖြင့် တည့်ခင်းဧည့်ခံခဲ့ကြသည်။

 

(သတင်းစဉ်)