“ဝ” အထူးဒေသ(၂)မှ ကမကထပြု၍ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများက စုပေါင်းလှူဒါန်းသည့် ရေဘေးသင့်ပြည်သူများအတွက် အလှူငွေများ ပေးအပ်လှူဒါန်း

ရန်ကုန် ၂၃ ဩဂုတ်

 

မြန်မာနိုင်ငံအတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် “ဝ” အထူးဒေသ(၂)မှ ကမကထပြု၍ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများက စုပေါင်းလှူဒါန်းသည့် အလှူငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ရန်ကုန်ရုံး၌ ကျင်းပသည်။ 

 

ရှေးဦးစွာ ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းက အဖွင့်နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် ``အခုလို တကယ်လိုအပ်တဲ့ အချိန်မှာတကယ်လိုအပ်တဲ့ သူဆီကို လိုအပ်တဲ့ပစ္စည်း ရောက်အောင်လှူဒါန်းတာဟာ မွန်မြတ်လှတဲ့ အလှူဖြစ်ပါတယ်။ သဘာဝဘေးအန္တရာယ်တွေဟာ မြန်မာနိုင်ငံမှာတင်မကဘဲ ကမ္ဘာတစ်ဝန်းမှာပါ ခံစားနေရပါတယ်။ မြန်မာနိုင်ငံမှာဖြစ်ပွားတဲ့ အခြေအနေမှာ ညီနောင်တိုင်းရင်းသားတွေရဲ့ဒုက္ခကို ညီနောင်တိုင်းရင်းသားတွေက အခုလိုအချင်းချင်းကူညီတာဟာ မိသားစုထဲကနေ မိသားစုကိုကူညီတဲ့သဘောပဲ ဖြစ်ပါတယ်။ မိသားစုထဲမှာတောင် အကြိုက်တွေက မတူညီကြပါဘူး။ ဒါပေမယ့် တူညီတာတစ်ခုကတော့ ငြိမ်းချမ်းရေးဆိုတဲ့ပန်းတိုင်ပဲ ဖြစ်ပါတယ်။ ချစ်ခင်ယုံကြည်မှု၊ နားလည်မှုတွေ တည်ဆောက်နေတဲ့ကာလမှာ အခုလို မိသားစုအချင်းချင်း ကူညီမှုဟာ ငြိမ်းချမ်းရေးအတွက် အထောက်အကူများစွာ ဖြစ်စေတယ်လို့ ယုံကြည်ပါတယ်´´ ဟုပြောကြားသည်။

 

ထို့နောက် ``ဝ´´ အထူးဒေသ(၂)နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ဦးညီရန်းက အလှူငွေပေးအပ်ရခြင်းအကြောင်းကို ရှင်းလင်းပြောကြားပြီး အလှူငွေကျပ် (၄၃၆၆၈၀ဝ၀ဝ) ကိုပေးအပ်ရာ ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းက လက်ခံပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။

 

ယနေ့လှူဒါန်းမှုအပေါ် ပြည်ထောင်စုငြိမ်းချမ်းရေးကော်မရှင် အထောက်အကူပြု အဖွဲ့ဝင် ဦးမိုးဇော်ဦးက ``ရေဘေးဒဏ် တကယ်ခံစားနေရတဲ့ ကရင်၊ မွန်၊ တနင်္သာရီ၊ ပဲခူး စသဖြင့် အထိခိုက်ဆုံးဒေသတွေကို လေ့လာစုံစမ်းပြီး လှူဒါန်းသွားဖို့ စီစဉ်ထားပါတယ်။ ရေဘေးနဲ့ပတ်သက်ပြီး ငြိမ်းချမ်းရေးကော်မရှင်ကို လာရောက်လှူဒါန်းတဲ့ အဖွဲ့အစည်းအနေနဲ့ ကျွန်တော်သိသလောက်ကတော့ ဒီအဖွဲ့အစည်းက ပထမဆုံးလှူဒါန်းတာဖြစ်ပါတယ်။ ငြိမ်းချမ်းရေးကော်မရှင်ကို လာရောက်လှူဒါန်းရတဲ့ ရည်ရွယ်ချက်ကတော့ ညီနောင်တိုင်းရင်းသား အဖွဲ့အစည်းတွေလည်း ဖြစ်တယ်။ ငြိမ်းချမ်းရေးကော်မရှင်ဆိုတာကလည်း ဒီအဖွဲ့အစည်းတွေနဲ့ အမြဲတမ်းထိတွေ့ ဆက်ဆံနေတာဖြစ်တဲ့အတွက်ကြောင့် သူတို့အနေနဲ့ အခုလိုငြိမ်းချမ်းရေး ကော်မရှင်ကတစ်ဆင့် လှူဒါန်းခြင်းဖြစ်ပါတယ်´´ ဟု မီဒီယာများကို ပြောကြားသည်။

 

ဆက်လက်၍ ၎င်းက ``အခုရေဘေးဒုက္ခခံစားနေရတဲ့ ဒေသတွေကိုပြန်ကြည့်ရင် မွန်၊ ကရင်၊ တနင်္သာရီ ဒေသတွေဆိုရင် တိုင်းရင်းသားတွေ အများကြီးနေထိုင်တဲ့ ဒေသတွေဖြစ်ပါတယ်။ အခုလာရောက်လှူဒါန်းတဲ့ အဖွဲ့အစည်းတွေကလည်း တိုင်းရင်းသားအဖွဲ့အစည်းတွေပဲ ဖြစ်ပါတယ်။ တိုင်းရင်းသားအဖွဲ့အစည်းတွေက အခြားဒုက္ခရောက်နေတဲ့ တိုင်းရင်းသားအဖွဲ့အစည်း တွေကိုလှူဒါန်းတာ ဖြစ်တဲ့အတွက်ကြောင့် ငြိမ်းချမ်းရေးအရ ပြောမယ်ဆိုရင် တိုင်းရင်းသားအချင်းချင်း သွေးစီးညီညွှတ်မှု၊ ချစ်ခင်မှုကို ဖြစ်ပွားစေတဲ့အတွက်ကြောင့် ငြိမ်းချမ်းရေးအတွက်လည်း အများကြီး အထောက်အကူပြုမယ်လို့ ယူဆရပါတယ်´´ ဟု ပြောသည်။

 

ယနေ့အခမ်းအနားသို့ ငြိမ်းချမ်းရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်နှင့် ကော်မတီဝင်များ ဖြစ်ကြသော ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း) ခင်ဇော်ဦး၊ ဦးနိုင်ငံလင်း၊ ဒေါက်တာအောင်ထွန်းသက်၊ ဦးလှမောင်ရွှေနှင့် ငြိမ်းချမ်းရေးကော်မရှင်မှ တာဝန်ရှိသူများ၊   လာရောက်လှူဒါန်းကြသူများ ဖြစ်ကြသည့် ``ဝ´´ အထူးဒေသ (၂) တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းမှ ကိုယ်စားလှယ်ခေါင်းဆောင် ဦးညီရန်း၊ ဦးစံရွှေနှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။

 

သတင်းနှင့် ဓာတ်ပုံ-ဇော်ကြီး