ဝါ၊ စိမ်း၊ နီ သုံးရောင်ခြယ်အလယ်က နှစ်ဖက်ညီချိန်ခွင်ကိုနှုတ်သီးနဲ့ ကိုက်ချီထားတဲ့ ကဒေါင်းရုပ်

 

ဆူးငှက်

ကောဇာသက္ကရာ ဇ် ၁၂၉၇ခု (ခရစ် ၁၉၃၅ခု)က မန္တလေးဈေးချိုတော်ကြီး အနောက်ဘက် ၈၆လမ်း၊ ဆင်ကြီးနှစ်ကောင်အနား ဦးလေးသန့်အိမ်မှာ မနက်ပိုင်း ရောက်ရင် စုပြီးရောင်းကြဝယ်ကြတဲ့ ကုန်သည်ပွဲစား တွေက ကထိန်သင်္ကန်းကပ်လှူမှုကို နှစ်စဉ်နှစ်တိုင်း မပျက်မကွက် ဆောင်ရွက်ကြဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ ဒါကြောင့် ၁၂၉၇ ခုနှစ်ကစပြီး ပွဲစားကုန်သည်များစုပေါင်းခင်းကျင်းကြတဲ့ ကထိန်တော်ကြီးဟာ ဈေးချိုအနောက်ဘက်က ၈၆လမ်းပေါ်မှာ ဝံ့ဝံ့ကြွားကြွား ခင်းကျင်း လှူဒါန်းနိုင်ခြင်းဖြစ်ပါတယ်။ အဲဒီခေတ်က ဈေးချိုတော် အနောက်ဘက် ရွှေတချောင်းမြောင်းဘေး မန်ကျည်းပင်ရိပ်တွေမှာ နယ်ကုန်တွေလာပို့တဲ့ လှည်း ဝိုင်းကြီးရှိတယ်။ ဒါကြောင့်လည်း ဈေးချိုအနောက်ဘက်၈၆လမ်းကို ပွဲစားတန်းရယ်လို့ မ္တလေးမြို့လူထုက ခေါ်ဝေါ် လာကြတယ်။

ပွဲစားကုန်သည်များအသင်း

ဘာသာရေး၊ လူမှုရေးများ လုပ်ဆောင်ရာ မှာ အသင်း အပင်းပုံစံနဲ့ကျကျနန စနစ်တကျဖွဲ့စည်းမှုတွေနဲ့အတူမ္တလေးပွဲစားတန်းက ဦးလေးသန့်တို့ ခင်းကျင်းလာတဲ့ကထိန်တော်က ၁၀နှစ်သက်တမ်းရှိလာပြီး ကုန်သည်ပွဲစားဦးရေ များပြားလာတာကြောင့် ၁၃၀၇ ခုနှစ်ဒုတိယဝါဆိုလဆန်း ၃ရက် (၁၂.၇.၄၅)မှာ “ပွဲစား ကုန်သည်များအသင်း” ဆိုပြီး ဖွဲ့စည်းတည်ထောင်လိုက်ပါတယ်။ အသင်းအပင်းပုံစံအရ ဖွဲ့စည်းတည်ထောင်ပြီးတာနဲ့တစ်ပြိုင်နက် စည်းမျဉ်းဥပဒေများ ရေး ဆွဲအတည်ပြုခဲ့ကြတယ်။

အသင်းရဲ့ ကနဦး ရည်ရွယ်ချက်ကတော့ “ပစ္စုပ္ပန်ဘဝတစ်ခု စားဝတ်နေမှုတို့အတွက် ပွဲစားကုန်သည်လုပ်ငန်းများကို တရားသဖြင့် လုပ်ကိုင်ကြပြီးလျှင် နောင်ဘဝများစွာ သံသရာအကျိုးစီးပွားအတွက် ရှေးကထက်ဆယ်နှစ်လောက်က ခင်းကျင်းလှူဒါန်းလာခဲ့သော ကထိန်အလှူကိုလည်း ဆက်လက် ခင်းကျင်း လှူဒါန်းသွားရန်ပင်ဖြစ်သည်” လို့ အတိအလင်း ဖွင့်ဆိုထားပါ တယ်။

 

2659

 

ကဒေါင်းရုပ်က ချိန်ခွင်ကို တည့်မတ်စွာကိုက်ချီထားတဲ့ပုံ

အမျိုးဘာသာ၊သာသနာကိုအခြေခံ၊ ဝံသာနုစိတ်ဓာတ်နဲ့သန္ဓေတည်ခဲ့ပြီး တရားသဖြင့်သော အလုပ်အကိုင်နဲ့ အမျိုးသားစီးပွားရေး တည်ဆောက်ကာ သံသရာအကျိုးကို ဆောင်ရွက်တဲ့ အသင်းကြီးမို့  အသင်း တံဆိပ်က ဝါ၊ စိမ်း၊ နီ သုံးရောင်ခြယ်မှာ ကဒေါင်းရုပ်က ချိန်ခွင်ကို တည့်မတ်စွာ ကိုက်ချီထားတဲ့ပုံကို ရွေးချယ်ခဲ့ကြတယ်။ အသင်းစတင်ဖွဲ့စည်းကတည်းက အသင်းဝင်ပွဲစားကုန်သည်တွေဟာ အသင်းတံဆိပ်ကို ရွှေအစစ်နဲ့ ပြုလုပ်ပြီး ဂုဏ်ယူစွာ တပ်ဆင်ခဲ့ကြတယ်။ အသင်း မှာ အသင်းသားအဖြစ် ဝင်ရောက်လိုသူဟာ

(က) တိုင်းရင်းသား (သို့မဟုတ်) နိုင်ငံသား မှတ်ပုံတင်ကိုင်ဆောင်ထားသူဖြစ်ခြင်း၊

(ခ)   အသက် ၁၈နှစ်ပြည့်ပြီး ဖြစ်ခြင်း၊

(ဂ)   အကျင့်စာရိတ္တကောင်းမွန်ခြင်း၊

(ဃ) အသင်းမှ ပြဋ္ဌာန်းသည့် အသင်းဝင်ကြေး၊ လစဉ်ကြေး၊ နှစ်စဉ်ကြေးနှင့် ကထိန်အလှူငွေတို့ကိုပေးသွင်းလှူဒါန်းသူဖြစ်ခြင်း၊

(င) အသင်းမှ အခါအားလျော်စွာ သတ်မှတ်သော ထည့်ဝင်ကြေးကို ပေးသွင်းသူဖြစ်ခြင်းဆိုတဲ့ သတ်မှတ်ချက်နဲ့ညီရပါမယ်။ အသင်းသားအဖြစ်  ပါဝင်လိုသူဟာ    အသင်းအမှုဆောင်နှစ်ဦးရဲ့ထောက်ခံချက်နဲ့ အဆိုပြုလွှာတင်သွင်းပြီး လက်ခံအတည်ပြုမှ အသင်းသားဖြစ်ရတာပါ။

“ကုန်စည်ဒိုင်” အသွင် ဖွဲ့စည်းထူထောင်

အသင်းအဖြစ် စနစ်တကျဖွဲ့စည်းပြီးတဲ့အခါ နှစ်စဉ်ကထိန်တော် အလှူဟာလည်း ပိုမိုလာပါတယ်။ ပွဲစား ကုန်သည်များအသင်းရဲ့ ကထိန်အလှူက နှစ်စဉ်မပျက်မကွက် ပိုမိုလှူဒါန်းလာနိုင်သလို အသင်းဖွဲ့စည်းမှု အနေ အထားကလည်း ပိုမိုစနစ်ကျလာတယ်။ ပိုမိုတိုးတက်လာတယ်။ အသင်းသားများကိုသာ ဝင်ရောက် ရောင်း ဝယ် ဖလှယ်နိုင်တဲ့ ‘ကုန်စည်ဒိုင်’ အသွင် ဖွဲ့စည်းထူထောင်လာနိုင်ခဲ့တယ်။ ၁၉၅၀ ပြည့်နှစ်ဝန်းကျင်မှာ တော့ အသင်းကို ၈၆ လမ်း၊ မူလွဲစားတန်းကနေ တောင်ဘက်နှစ်ပြကျော်၊ သုံးပြအတွင်းရှိ ဒေါင်းရိုးအရှေ့ ထိပ်က ထုံးဘူးတန်းမှာ ပြောင်းရွှေ့ ဖွင့်လှစ်ခဲ့ပါတယ်။ ထုံးဘူးတန်းက ပွဲစားဦးလေးကောင်းပိုင်တဲ့ ဝင်းကြီးထဲမှာပါ။ ဦးလေးကောင်းဝင်းထဲမှာ ဖွင့်ထားတဲ့ ပွဲစားကုန်သည်များအသင်းဟာ ၁၉၅၁ ကနေ ၁၉၅၈ အတွင်း အရောင်းအဝယ်ကောင်းတဲ့နှစ်တွေလို့ ဆိုနိုင်တယ်။

ဒါပေမယ့် ၁၉၆၂ ခုနှစ်မှာတော့  စီးပွားရေးစနစ်ပြောင်းသွားပါပြီ။ ဗဟိုဦးစီးစီမံကိန်း စီးပွားရေးစနစ်ဖြစ်သွားပါပြီ။ ကုန်စည်များကို ဗဟိုဦးစီးစနစ်နဲ့ ချုပ်ကိုင်ပြီး စီမံကိန်းနဲ့ စိုက်ပျိုးထုတ်လုပ် ရောင်းချမှုပုံစံ ဖြစ်သွားပါပြီ။ ပွဲစားကုန်သည်အသင်းဟာ အလုပ်သမား လူတန်းစားနဲ့စရိုက်အသွင်သဏ္ဌာန်နဲ့မတူတဲ့ ဓနရှင်၊ အရင်းရှင်များ အစုအဝေးလို့ အကြည့်အမြင်ခံခဲ့ရတယ်။

သမာအာဇီ၀ ရောင်းဝယ်သမှု ပြုကြ

ဘယ်လိုပဲဖြစ်ဖြစ် မ္တလေးမြို့က ပွဲစားကုန်သည်များဟာ အမျိုးသားဓနရှင်တွေပါ။ လက်ဝါးကြီးအုပ်ခေါင်းပုံဖြတ် ဇူဇကာများအသွင် လုံးဝမဆောင်ပါဘူး။ ရနိုင်သမျှ ဥပဒေဘောင်အတွင်းက အခွင့်အရေး၊ ခွင့်ပြုသမျှ မျိုးစေ့သီးနှံနဲ့ဒိုင်မှာတွယ်ကပ်ပြီး သမာအာဇီ၀ ရောင်းဝယ်သမှုပြုကြပါတယ်။ အဲဒီအကျိုးအမြတ်နဲ့ပဲ ကထိန်တော်ကြီးကို နှစ်စဉ်ဝတ်မပျက် ကြိုးစားပမ်းစား ခင်းကျင်းခဲ့ကြတာပါ။

ကထိန်ခင်းကျင်းခဲ့တဲ့ အကြိမ် ၃၀ မြောက်မှာတော့အသင်းကြီးရဲ့ ဖွဲ့စည်းပုံ စည်းမျဉ်းစည်းကမ်းပြင်ဆင်ဖို့အနေအထားဖြစ်လာရပါတယ်။ ဒါကြောင့် ၁၃၂၆ ခုတပို့တွဲလဆန်း ၁ရက် (၂.၂.၆၅) နေ့မှာ ကျင်းပတဲ့သင်းလုံးကျွတ်အစည်းအဝေးကြီးက မူလစည်းမျဉ်းများ စာမျက်နှာ ၁၁ (အသင်းပိုင်ပစ္စည်း)(ဂ)အရ မူလရှိရင်း ပွဲစားကုန်သည်များအသင်းကို ဖြည့်စွက် ပြောင်းလဲပြီး ပွဲစားကုန်သည်များ၏ ကထိန်တော်အသင်း အမည်နဲ့ပြင်ဆင်ဖွဲ့စည်းခဲ့ပါတယ်။ ခေတ်နဲ့အညီ အသင်းကြီးရပ်တည်နိုင်ဖို့   မူလစည်းမျဉ်းဥပဒေတွေကိုလည်း ဘာသာရေးအသင်းဖြစ်တဲ့ ကထိန်တော်အသင်းနဲ့ဆီလျော်စွာ ပြင်ဆင်ရေးဆွဲပြီး ၁၃၂၇ ခု တပေါင်းလဆန်း ၁ရက် (၂၀.၁.၆၆)နေ့မှာ ကျင်းပတဲ့ သင်းလုံးကျွတ်နှစ်ပတ်လည် အစည်းအဝေးကြီးကို တင်ပြအတည်ပြု ခဲ့ပါတယ်။

ပွဲစားကုန်သည် စက်ပိုင်များ၏ ကထိန်တော်အသင်း

တကယ်တော့ အသင်းကြီးဟာ ပွဲစား ကုန်သည်များနဲ့ဆက်စပ်တယ်ဆိုပေမယ့် ကောက်ပဲသီးနှံ ကုန်ကြမ်း တွေကို ကုန်ချောအဖြစ် ကြိတ်ခွဲထုတ်လုပ်တဲ့ စက်ပိုင်တွေကလည်း အသင်းဝင်ဖြစ်လာကြပါတယ်။ ဒါကြောင့်၁၃၄၈ခု (၁၉၈၇)မှာ ပွဲစား ကုန်သည် စက်ပိုင်များ၏ ကထိန်တော်အသင်းလို့ အမည်ပြောင်းလဲခဲ့တယ်။ ဒီအမည်ကို ၁၃၅၀ ပြည့် တပေါင်းလပြည့်ကျော် ၉ ရက် (၃၀.၃.၈၉)နေ့ နှစ်ပတ်လည်အစည်းအဝေးမှာ အတည်ပြုပြီး စည်းမျဉ်းဥပဒေအချို့ကိုလည်း ဖြည့်စွက်ပြင်ဆင်ရေးဆွဲခဲ့ပါတယ်။

အသင်းကြီးကို ထုံးဘူးတန်းမှာရှိစဉ် ၁၉၅၀ ပြည့်နှစ်ကျော်ကာလများမှာ ဥက္ကဋ္ဌ ဦးလေးကောင်း ဦးဆောင်ခဲ့ပါတယ်။ သူ့နောက် ဦးဆောင်ခဲ့တဲ့ဥက္ကဋ္ဌကတောဗမာသစ် ဦးလှမောင်ပါ။ ဗမာသစ် ပဲခွဲစက်ပိုင်ရှင်ပေါ့။ ၁၉၈၆ ခုနှစ်မှာတော့ အရီးတောင်း ဦးကျော်သိန်းက ဥက္ကဋ္ဌအဖြစ် အရွေးချယ်ခံရပါတယ်။ အသင်းအမှုဆောင်များ ရွေးချယ်မှုနဲ့ပတ်သက်ပြီး အသင်းသား များက ဥက္ကဋ္ဌတစ်ဦးကို မဲစနစ်နဲ့ ဦးစွာရွေးချယ်ရပါတယ်။ ဥက္ကဋ္ဌကမှ အမှုဆောင်အဖွဲ့ကို ရွေးချယ်တာဝန်ပေးအပ်တာပါ။ အရီးတောင်း ဦးကျော်သိန်း ဥက္ကဋ္ဌဖြစ်တဲ့နှစ်မှာပဲ ၈၆ လမ်း၊ ၃၂ လမ်းနဲ့ ၃၃ လမ်းကြားအသင်း ပိုင်မြေနဲ့အဆောက်အအုံကို သမဝါယမဝန်ကြီးဌာန ဆီက ပြန်လည်ရယူနိုင်ခဲ့ပါတယ်။ ဒါကြောင့် အသင်းရုံးနဲ့ ကုန်စည်ဒိုင်ကို ဒီနေရာမှာပဲ ဒီကနေ့ အသင်းဥက္ကဋ္ဌ ဦးသက်တင် ဦးဆောင်သော အမှုဆောင်အဖွဲ့ လက်ထက်အထိ အတည်တကျ ဖွင့်လှစ်နိုင်ခဲ့တာပါပဲ။

ကိုယ်ကျိုးစီးပွားကို နှမ်းတစ်စေ့ သဲတစ်ပွင့်မျှ မကျူးမလွန်မပြစ်မမှား

အသင်းရဲ့ အလုပ်အမှုဆောင်အဖွဲ့ အမှုဆောင်အဖွဲ့များဟာ ရှေ့မီနောက်မီများလည်းဖြစ်၊ လုပ်ဖော်ကိုင်ဖက်များလည်းဖြစ်ကြတဲ့အပြင် ကိုယ်ကျိုးစီးပွားကိုနှမ်းတစ်စေ့ သဲတစ်ပွင့်မျှ မကျူးမလွန် မပြစ်မမှားလုပ်ကိုင်ခဲ့တဲ့ ဂုဏ်ပုဒ်များနဲ့ ထင်ရှားခဲ့ကြတယ်။ ထူးခြားတာကတော့ အသင်းသားလေးပုံသုံးပုံရဲ့ ဆန ́နဲ့သာ အသင်းကို ဖျက်သိမ်းနိုင်ပြီး အကယ်၍ အကြောင်းအမျိုးမျိုးကြောင့် ဖျက်သိမ်းလျှင်လည်း ပေးဆပ်ရန်အကြွေးများကိုပေးဆပ်ကာ ကျန်အသင်းပိုင်အဆောက်အအုံ မြေယာပစ္စည်း၊ ငွေကြေးများအားလုံး မ္တလေးစည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ  ဗုဒ္ဓဘာသာ သာသနာရေး၊ ဘာသာရေးနေရာဌာနများသို့  ခွဲဝေလှူဒါန်းရမှာ ဖြစ်ပါတယ်။ အကယ်၍ အသင်းပိုင်ပစ္စည်းငွေကြေးက ပေးရန်ရှိကြွေးထက်နည်းနေလျှင် လိုငွေကို အသင်းသားအားလုံးက ညီမျှစွာ ကျခံရမှာဖြစ်တယ်ဆိုတဲ့ အချက်ပါပဲ။

အတုယူသင့်ဆုံး မြင့်မြတ်တဲ့ ဂုဏ်ပုဒ်

မလွန်ဈေးဆန်လှူအသင်းကြီး၊ ပရိယတ္တိသာသနာ့ဟိတအသင်းကြီးများနှင့် အတူ ပွဲစားကုန်သည်စက်ပိုင်များ၏ ကထိန်တော်အသင်းကြီးတို့ဟာ သက်တော်ရှည်အသင်းကြီးများပီပီ ထူးခြားမှုအရှိဆုံးဂုဏ်ပုဒ်မှာဦးဆောင်သူ လူကြီးများရဲ့ ကိုယ်ကျိုးစီးပွားကြောင့်ပြဿနာတစ်စုံတစ်ရာ ပေါ်ပေါက်ခဲ့ဖူးခြင်း လုံးဝမရှိခဲ့ပါ။ ဒီဂုဏ်ပုဒ်မှာ အတုယူသင့်ဆုံး မြင့်မြတ်တဲ့ ဂုဏ်ပုဒ်ပါ။

ပွဲစားကုန်သည် စက်ပိုင်များ၏ ကထိန်တော်အသင်း ကြီးမှာ ကမ္ပည်းတင်အပ်သော ဝါ၊ စိမ်း၊ နီ သုံးရောင်ခြယ်အလယ်က နှစ်ဖက်ညီချိန်ခွင်ကို နှုတ်သီးနဲ့ ကိုက်ချီထားတဲ့ ကဒေါင်းရုပ်ပါ။ အသင်းတံဆိပ်ကြီးကလည်း ယခုသက်တမ်း ၈၄ နှစ်သာမက ဗုဒ ̈သာသနာတော် ထွန်းပနေသရွေ့ တည်ရှိခိုင်မာနေဦးမှာ မလွဲဧကန် သေချာလှပါတယ်။

ကြေးမုံ