ဝါး လက်မှု အသုံးအဆောင်များ ပြုလုပ်တတ်စေရေး သင်တန်းဖွင့်လှစ်ပေး

ဘားအံ ၁၀ ဧပြီ

 

 

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ နောင်ထလုံးကျေးရွာအုပ်စု၊ နောင်ဘိုကျေးရွာတွင် မိရိုးဖလာ ဝါးလက်မှုထည်  လုပ်ငန်းများ မပျောက်ပျက်စေရေးနှင့် လက်ဆင့်ကမ်း သင်ကြာနိုင်ရေး၊ မိသားစု တပိုင်တနိုင် ဝင်ငွေ ရရှိရေးအတွက် သီတင်းနှစ်ပတ်ကြာ ဝါးလက်မှုထည် ထုတ်လုပ်မှု သင်တန်းဆင်းပွဲကို သင်တန်းပေးရာ ကျေးရွာစာကြည့်တိုက်တွင် ပြုလုပ်ကြောင်း သိရသည်။ 

 

 

 

 

သင်တန်းဆင်းပွဲတွင် ကရင်ပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစောမြင့်ဦးက သင်တန်းဆင်း အမှာစကား ပြောကြားရာတွင် သစ်ဝါးပေါများသော ဒေသ ဖြစ်သောကြောင့် မိမိဒေသထွက် ကုန်ကြမ်းဝါးများဖြင့် စိုက်ပျိုးရေးသုံး၊ မွေးမြူရေးသုံးပစ္စည်းများအပြင် လှပသေသပ်သော ဝါးလက်မှုထည် အမှတ်တရ ပစ္စည်းများသည် ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များ စိတ်ဝင်စားစေတာမို့ ဧည့်သည်များ လာရောက်ရာ နေရာများတွင် အရောင်းဆိုင်များ ဖွင့်ရောင်ချကာ တစ်ပိုင်တစ်နိုင် လက်မှုလုပ်ငန်းဖြင့် ဝင်ငွေရစေခြင်းနှင့် ဘိုးစဉ် ဘောင်ဆက် လုပ်ကိုင်နေတဲ့ ဝါးလက်မှုပညာရပ်တွေ ဖြန့်ပွားစေလိုပါကြောင်း ပြောကြားသည်။ 

 

 

 

 

အဆိုပါ သင်တန်းတွင် နောင်ထလုံးကျေးရွာအုပ်စု၊ နောင်ဘိုကျေးရွာ အပါအဝင် အနီးပတ်ဝန်းကျင်(၄)ရွာမှ အမျိုးသား/ အမျိုးသမီးငယ်(၃၀)ဦး တက်ရောက်ကြကြောင်း သိရပါသည်။ 

 

 

 

 

နောင်ဘိုကျေးရွာမှာတော့ မွေးမြူရေး၊ စိုက်ပျိုးရေးနဲ့ အိမ်သုံးဖြစ်တဲ့ ကြက်အုပ်ဆောင်း၊ ကြက်ဝပ်ကျင်း(ဥကျင်း)၊ မြက်ထည့်ခြင်းတောင်း၊ ဈေးဗန်း၊ တောင်အမျိုးမျိုး၊ စပါး၊ ပဲ၊ ခလေးပုခက်၊ ဆေးရွက်ကြီး လှောင်ပုတ်တွေကို အများဆုံး ရက်လုပ်ရောင်းချလေ့ ရှိပါသည်။ ဒေသတွင်းမှာတော့ ကြက်အုပ်ဆောင်းနဲ့ မြက်ခြင်းကို အများဆုံး ရက်လုပ်ရောင်းချ ရပါတယ်။ ပြန်ရောင်းမယ့်သူတွေ လာရောက်ဝယ်ယူပြီး မော်လမြိုင်၊ သထုံ၊ ကော့ကရိတ်မြို့တွေမှာ ပြန်လည် ရောင်းချတယ်လို့ သိရပါတယ်။ ဒါပေမယ့် အခု သင်တန်းမှာ ဝါးကို အခြေခံပြီး အသုံးအဆောင် လှလှပပ အမှတ်တရ ပစ္စည်းလေး တွေကိုလည်း ရောင်းရနိုင်ဖို့ ရက်လုပ်သွားနိုင်ရေးပါ သင်ကြားပေးတယ်လို့ သိရပါသည်။  

 

 

နေမျိုးလွင်(ပြန်/ဆက်)