ဘေဘီလေးက အမြဲလိုလို W ပုံစံထိုင်နေတယ်။ ဘာတွေများဖြစ်လာနိုင်လဲဆိုပြီး သိချင်နေတဲ့ မေမေ ဖေဖေတွေ ရှိနေလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်ပါလို့ပြောပါရစေနော်။
W ပုံစံထိုင်ခြင်းဆိုတာ
W ပုံစံထိုင်တယ်ဆိုတာက ဘေဘီလေးက ခြေထောက်နှစ်ဖက်စလုံးကို ဒူးကွေးလို့ နောက်ပစ်ပြီးထိုင်နေတဲ့ ပုံစံမျိုးပါ။ ကြမ်းပြင်မှာ ခြေထောက်နှစ်ဖက်ကို W ပုံစံအတိုင်းချပြီး ထိုင်တဲ့ပုံစံမျိုးပါ။ ဒါပေမယ့် ဒီထိုင်တဲ့ပုံစံက ကလေးတော်တော်များများထိုင်လေ့ရှိကြတဲ့ ပုံစံတစ်ခုပါ။ အထူးသဖြင့် စထိုင်တတ်စကလေးတွေမှာ အများဆုံးတွေ့ရတဲ့ ထိုင်တဲ့ ပုံစံတစ်မျိုးပါ။
W ပုံစံထိုင်ခြင်းက အန္တရာယ်ရှိလား……..
W ပုံစံထိုင်တာက ကလေးအများစုထိုင်နေကျပုံစံတစ်ခုပါ။ ခဏတဖြုတ်ဆိုရင် ကိစ္စမရှိပေမယ့် ရေရှည်မှာတော့ ကလေးကို ထိခိုက်လာနိုင်တာတွေရှိနိုင်ပါတယ်။ မိဘအများစုက ကလေးဒီလိုထိုင်နေတဲ့အခါ သူတို့လေးတွေ သက်တောင့်သက်သာရှိလို့ ထိုင်နေတာပဲလေ။ သူတို့လေးတွေ အဆင်ပြေနေရင် ပြီးတာပဲဆိုပြီး ထားလိုက်မိတတ်ကြပါတယ်။ တကယ်တော့ အမြဲလိုလိုကလေးက ဒီလိုထိုင်နေတာမျိုးကို အမှုမဲ့အမှတ်မဲ့မထားလိုက်သင့်ပါဘူး။ အကြောင်းကတော့ ဒီထိုင်တဲ့ပုံစံက ရေရှည်မှာ ကလေးရဲ့ ကိုယ်နေဟန်ထားအပြင် ကြီးထွားဖွံ့ဖြိုးမှုကိုပါ ထိခိုက်လာနိုင်တာကြောင့်ပါ။
W ပုံစံထိုင်ခြင်းက ဘယ်လိုသက်ရောက်မှုတွေရှိလာနိုင်လဲ……
ဘေဘီလေးအနေနဲ့ အမြဲလိုလို W ပုံစံထိုင်နေမယ်ဆိုရင် ရေရှည်မှာ အခုလို ဆိုးကျိုးတွေရှိလာနိုင်ပါတယ်။
တင်ပါးပုံစံမမှန်တာမျိုး ဖြစ်လာနိုင်တယ်
ကလေးက ခြေထောက်နှစ်ဖက်ကို အပြင်ဘက်ကို ထုတ်ပြီးထိုင်တဲ့အခါ အတွင်းဘက်မှာ ဖိအားသက်ရောက်မှုက ပုံမှန်ထက်ပိုများပြီး တင်ပါးမှာရှိတဲ့ အဆစ်တွေကို ထိခိုက်လာနိုင်ပါတယ်။ နောက်ထပ်ထိခိုက်လာနိုင်တာကတော့ ဒီလိုမျိုးခြေထောက်ကို ကွေးပြီး ဖိထိုင်ထားတာကြောင့်ကလေးရဲ့ လမ်းလျှောက်မှုအပေါ်မှာ ထိခိုက်လာနိုင်သလို အသက်အရွယ်ရလာတဲ့အခါ တင်ပါး၊ တင်ပါးဆုံနဲ့ ပေါင်အရိုးတွေမှာထိခိုက်တာတွေဖြစ်လာနိုင်ပါတယ်။ ဒီလိုပုံစံထိုင်တာကြောင့် အထိခိုက်နိုင်ဆုံးကတော့ တင်ပဆုံရိုးတွေ နေရာလွဲသွားနိုင်တာပါပဲ။
ဒူးခေါင်းနဲ့ခြေထောက်နဲ့ ပုံစံမမှန်တာမျိုး ဖြစ်လာနိုင်တယ်
စထိုင်တတ်စအရွယ်မှာ ဘေဘီလေးက W ပုံစံထိုင်မယ်ဆိုရင် ဒူးအဆစ်တွေက အတွင်းဘက်ကိုယိုင်တာမျိုးဖြစ်နိုင်သလို ခြေချင်းဝတ်အဆစ်တွေက အပြင်ဘက်ကို ယိုင်တာမျိုးဖြစ်လာနိုင်ပါတယ်။ ဒီလိုထိုင်တာကြောင့် ကလေးက ခြေထောက်ခွင်တာမျိုးဖြစ်နိုင်ပါတယ်။ နောက်တစ်ခုက ပေါင်အတွင်းကြွက်သားတွေကို အတင်းဆွဲဆုတ်ထားသလိုဖြစ်လာနိုင်တာကြောင့် ကြွက်သားဖွံ့ဖြိုးမှုကို ထိခိုက်နိုင်သလို ဖနောင့်ကြောအရွတ်တွေ ထိခိုက်လာတာမျိုးဖြစ်နိုင်ပါတယ်။
ကြွက်သားဖွံ့ဖြိုးမှုကို ထိခိုက်နိုင်ပါတယ်
နောက်ထပ်ဖြစ်နိုင်တာတစ်ချက်ကတော့ W ပုံစံထိုင်တာကြောင့် ကြွက်သားတွေမှာ ထိခိုက်လာနိုင်တာပါ။ ကလေးက ခြေထောက်ကို အပြင်ဘက်ကိုယိုင်လို့ အချိန်ကြာမြင့်စွာ ထိုင်တဲ့အခါ ကြွက်သားတွေကို အမြဲလိုလိုတစ်ပုံစံတည်းဖြစ်နေစေတာကြောင့် ကြွက်သားတွေဟန်ချက်ညီစွာ ဖွံ့ဖြိုးလာမှုကို ထိခိုက်စေနိုင်ပါတယ်။
ခန္ဓာကိုယ် ဟန်ချက်ထိန်းနိုင်မှုကို ထိခိုက်စေနိုင်တယ်
ကြွက်သားတွေဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်တာကြောင့် ခန္ဓာကိုယ်ဟန်ချက်ထိန်းနိုင်မှုကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ဒီလိုထိုင်တာကြောင့် ကလေးက ခန္ဓာကိုယ် ဟန်ချက်ကို မထိန်းနိုင်တဲ့အခါ လေးဖက်ထောက်တာရော လမ်းလျှေကြ်တာရောအတွက် ကြွက်သားဖွံ့ဖြိုးမှုနောက်ကျနေတာကြောင့် အခြားကလေးတွေထက် လမ်းလျှောက်တာနောက်ကျတာ၊ လေးဖက်ထောက်တာ နောက်ကျတာတွေဖြစ်လာနိုင်ပါတယ်။ ခန္ဓာကိုယ်မှာ ကြွက်သားတွေဖွံ့ဖြိုးမှု နောက်ကျတာကြောင့် ဟန်ချက်ထိန်းနိုင်စွမ်းနည်းလာတာက ရေရှည်မှာ ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကိုပါ ထိခိုက်စေနိုင်ပါတယ်။ အခန့်မသင့်ရင် ကလေးက စာရေးစာဖတ်နောက်ကျတာမျိုးတောင်ဖြစ်လာနိုင်ပါတယ်။
ဘယ်အချိန်မှာ ဆရာဝန်နဲ့ပြမလဲ…………….
W ပုံစံထိုင်တာက ခဏတဖြုတ်ဆိုရင် ကိစ္စမရှိပေမယ့် ရေရှည်မှာဆိုရင် ကလေးကို ထိခိုက်လာနိုင်တယ်လို့ ပြောခဲ့ပြီးသားပါ။ ကလေးက W ပုံစံထိုင်တာကြောင့် အခုလို အခြေအနေတွေဖြစ်လာပြီဆိုရင်တော့ ဆရာဝန်နဲ့ပြသဖို့လိုပါမယ်။
• ကလေးက လမ်းလျှောက်ရင် ယိုင်နဲ့နဲ့ဖြစ်နေမယ်
• ခန္ဓာကိုယ်အောက်ပိုင်းက အားနည်းနေမယ်
• လမ်းလျှောက်တဲ့အခါ ခြေထောက်ခွင်မယ်
• ခြေထောက်ကြွက်သားတွေ ဖွံ့ဖြိုးမှုအားနည်းမယ်
• W ပုံစံကလွဲလို့ အခြားပုံစံမထိုင်တတ်တာမျိုးဖြစ်နေမယ်
• ကလေးကခြေထောက်လှမ်းတာ ပုံစံမကျဘူးဖြစ်နေမယ်
• ကလေးရဲ့ လှုပ်ရှားမှုတွေ၊ လုပ်ဆောင်မှုတွေက ပုံစံမကျတာ၊ ဟန်ချက်မညီတာမျိုးဖြစ်နေမယ်ဆိုရင် ဆရာဝန်နဲ့သွားပြဖို့ လိုအပ်နေပါပြီ။
ဒီလိုဆိုးကျိုးတွေမဖြစ်စေဖို့ ကာကွယ်ချင်တယ်ဆိုရင် အကောင်းဆုံးနည်းလမ်းတစ်ခုကတော့ ကလေးက W ပုံစံထိုင်နေတာကို မြင်တဲ့အခါ သက်တောင့်သကာ်ဖြစ်အောင် ခြေထောက်ကိုဆန့်ထုတ်ထားပါလား။ ဒါမှမဟုတ် ခြေထောက်ကို ချိတ်ပြီးထိုင်ပါလား၊ စသဖြင့် ပုံစံပြောင်းထိုင်ဖို့ သတိပေးပေးပါ။
ရေးသားသူ -Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ -Dr. Thurein Hlaing Win
“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”