၂၃   သြဂုတ်

 

ဝါးသည် ကြီးထွားနှုန်းမြန်ဆန်သောအပင်မျိုး ဖြစ်ပါသည်။ ပညာရှင်တို့၏ လေ့လာမှုအရ တစ်နေ့လျှင် တစ်မီတာနှုန်း ကြီးထွားပြီး ဆယ်နှစ်အတွင်း အကျိုးအမြတ် ပေးစွမ်းနိုင်သော အပင်လည်း ဖြစ်ပါသည်။ ဝါးပင်ကို အလွယ်တကူ ပြုစုပျိုးထောင်ပြီး ဝါးပင်မှ လူသားတို့၏ အစားအစာနှင့် လက်မှုပစ္စည်းများမှသည် ခေတ်မီစက်မှုထုတ်ကုန်များအထိ ဖန်တီး ရယူနိုင်ပါသည်။ ထို့အပြင် ဝါး၏ဝန်ခံနိုင်အားသည် Mild Steel ထက် ပိုတောင့်တင်းပါသည်။ ဖိအားခံနိုင်ရည်၌လည်း ဝါးသည် ကွန်ကရစ်ထက် နှစ်ဆပိုစွမ်းဆောင်နိုင်ပါသည်။ သို့ဖြစ်ပါ၍ ဝါးပင်အား အစိမ်းရောင်ရှိ သောရွှေဟု တင်စားခေါ်ဝေါ်ခြင်းသည် ရာနှုန်းပြည့်မှန်ကန်သောတင်စားမှုဟု ပြောရမည် ဖြစ်ပါသည်။

 

ဝါးပင်၏အသုံးဝင်ပုံသည် ထိုမျှသာမကပါ။ ဝါးပင်သည် လေထုအတွင်းသို့ အောက်ဆီဂျင်များစွာ ထုတ်လွှင့်နိုင်စွမ်း ရှိသကဲ့သို့ ကာဗွန်စုပ်ယူနိုင်စွမ်း၌လည်း တချို့သောအပင်များထက် လေးဆအထိ ပိုများပါသည်။ တရုတ်နိုင်ငံ အပါအဝင် နိုင်ငံများစွာ၌ ဝါးပင်စိုက်ပျိုးခြင်းဖြင့် စက်မှုကုန်ထုတ်လုပ်ငန်းတို့၏ ကာဗွန်ထုတ်လွှင့်မှုကို ဟန်ချက်ညှိနိုင်ရန် ကြိုးပမ်း ဆောင်ရွက်လျက် ရှိပါသည်။ တရုတ်နိုင်ငံ၏ ဝါးအခြေခံကုန်ထုတ် ပစ္စည်းများတင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၃၂ ဘီလီယံအထိရှိပြီး ရှေ့လာမည့်သုံးနှစ်အတွင်း ၄၈ ဘီလီယံအထိ တိုးပွားလာမည်ဖြစ်ပြီး တရုတ်ပြည်သူ ၁၀ သန်း ခန့်အားလည်း အလုပ်ခန့်ထားနိုင်မည် ဖြစ်ပါသည်။ ဝါးပင်အခြေခံနောက်ဆုံးပေါ် ထုတ်ကုန်တစ်မျိုးမှာ ဝါးမှုန့်အား ပလတ်စတစ် ကုန်ကြမ်းတို့ဖြင့်ရော၍ ဒီဇိုင်းဆန်းလှပသော ဝါးကြမ်းခင်း တို့ဖန်တီးထုတ်လုပ်ခြင်း ဖြစ်ပါသည်။ ဝါးပင်သည် သဘာဝအရ ဆွေးမြည့်လွယ်သော်လည်း တရုတ်နိုင်ငံရှိ ကုမ္ပဏီတစ်ခုက ခေတ်မီနည်းပညာသုံး၍ ဝါးပင်၏ ဆွေးမြည့်ပျက်စီးခြင်းကို ဟန့်တားနိုင်စွမ်းပြုနိုင်ပြီဟု လေ့လာသိရှိရပါသည်။

 

ယခုအခါနေပြည်တော်၌ ဧက ၁၀ဝ၀ ခန့် ကျယ်ဝန်းသောဝါးစိုက် ပျိုးရေးဇုန်တစ်ခု ထူထောင်ရန် မြန်မာနိုင်ငံ ဝါးစိုက်ပျိုးသူများအသင်းက စီစဉ်ကြိုးပမ်းလျက်ရှိပါသည်။ ဤအသင်းက သက်ဆိုင်ရာအာဏာပိုင်အဖွဲ့ အစည်းတို့၏ ခွင့်ပြုချက်ရရှိရန် စီစဉ်လျက်ရှိသည့်နည်းတူ ခွင့်ပြုချက်ရရှိပါက အဆင်သင့်ဖြစ်စေရန် ဝါးတောင်သူတို့အား ဝါးပင်ဆိုင်ရာ ပညာပေးသင်တန်းတို့ ပို့ချလျက်ရှိပါသည်။ ပြည်သူ့လွှတ်တော်ကလည်း စိုက်ပျိုးရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များ ဦးဆောင်စီမံပေးရန် နိုင်ငံတော်အစိုးရထံ တိုက်တွန်းချက်တစ်ရပ်ကို ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလက အကြံပြုခဲ့ပါသည်။ မြန်မာနိုင်ငံ၌ ဝါးမျိုးစု ၂၂ စုနှင့် ဝါးမျိုးစိတ် ၁၀၂ ခုရှိသည်ဖြစ်၍ နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံ ဝါးစိုက်ပျိုးသူများအသင်းကသာ စနစ်တကျ စီမံကိန်းချ ဆောင်ရွက်မည်ဆိုပါက အချိန်တိုကာလအတွင်း အောင်မြင်မှုများရရှိ နိုင်မည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ နိုင်ငံတော်အစိုးရ၏ ပံ့ပိုးမှုဖြင့် အကောင်အထည်ဖော်မည့် နေပြည်တော် ဝါးစိုက်ပျိုးရေးဇုန်အား ကြိုဆိုဂုဏ်ပြုပါကြောင်း လေးစားစွာတင်ပြအပ်ပါသည်။ ။

 

မြန်မာ့အလင်း