၂၈ နိုဝင်ဘာ
“ဝဲ” တေးသီချင်းနှင့် ပရိသတ်အချစ်တော်ဖြစ်ခဲ့သူ အဆိုတော် မယ်ရီအနေဖြင့် ပထမဆုံးတစ်ကိုယ်တော်ခွေဖြစ်သည့် “Mid Night Thoughts” ဟု အမည်ပေးထားသည့် တေးစီးရီးကို Bo Bo Music တေးထုတ်လုပ်ရေးမှ ဒီဇင်ဘာ ၂ ရက်တွင် စတင်ဖြန့်ချိသွားမည်ဟု သိရသည်။
“မယ်ရီရဲ့ တစ်ကိုယ်တော်ခွေထဲမှာ သီချင်းသစ်တွေရော အဟောင်းတွေပါရော ပါပါတယ်။ အရင်ဆိုနေကျ “ဝဲ” ဆိုတဲ့ သီချင်းက ခမ်းခမ်းနားနားဘက်ကို သွားထားတယ်။ ကြားလိုက်တာနဲ့ မြိုင်မြိုင်ဆိုင်ဆိုင် ဖြစ်သွားတယ်။ ကိုယ့်ရဲ့ အသံကြောင့် သီချင်းရွေးချယ်မှုအပိုင်းမှာလည်း အခက်တွေ့ရပါတယ်။ တချို့တေးရေးဆရာနဲ့ သူများတွေ အဆင်ပြေနေချိန်မှာ ကိုယ်ဆိုကြည့်လိုက်တော့ မအပ်စပ်တာတွေရှိတယ်။ မယ်ရီအသံနဲ့လိုက်တဲ့သီချင်းတွေလည်း ရွေးရပါတယ်” ဟု တေးသံရှင် မယ်ရီကပြောသည်။
အဆိုပါ သီချင်းခွေတွင် သီချင်း ၁၃ ပုဒ်ပါဝင်ပြီး တေးရေးဆရာ ညီညီ၊ ရဲရင့်မြင့်မိုရ်၊ မယ်ရီတို့က ရေးသားပေးထားကြသည်။ ယင်းအခွေတွင် အလွမ်းရသများ ပါဝင်ပြီး ကြီးကျယ်ခမ်းနားသည့် သီချင်းများ ပြန်လည်ပါဝင်မည် မဟုတ်ကြောင်း သိရသည်။
“ Mid Night Thoughts” လို့ ပေးထားတယ်။ သန်းခေါင်ယံအတွေးများပေါ့နော်။ ညဘက်အချိန်မှာ နားထောင်တဲ့ သီချင်းလည်း ဖြစ်တယ်။ မယ်ရီခေါင်းထဲမှာ တွေးနေတဲ့အရာတွေကို အေးအေးဆေးဆေး ရေးထားတာတွေပါတယ်။ တစ်ယောက်တည်း Feel ဖြစ်နေချိန်မှာ ငြိမ်ငြိမ်လေး နားထောင်ရတယ်။
အလွမ်းသီချင်းလေးတွေ ပိုများပါတယ်၊ “ဝဲ” ဆိုတဲ့ အဓိပ္ပာယ်က ကောင်လေးတစ်ယောက်အပေါ် တဝဲလည်လည်ဖြစ်နေတဲ့ ကောင်မလေးတစ်ယောက်အဖြစ်ကို သီချင်းအဖြစ် ဖန်တီးပြီးဆိုထားတာပါ” ဟု ၄င်းက ထပ်မံပြောကြားသည်။
ကိုလင်း