ဘားအံ  ၄    ဇူလိုင် 
    

ကျေးလက်နေပြည်သူများအတွက် လက်လှမ်းမှီသော ကျန်းမာရေးစောင့်ရှောက်မှုကို ပိုမိုရရှိနိုင်စေရန် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဝဲကြီးကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာနခွဲ ဖွင့်ပွဲကို ဇူလိုင်လ ၃ ရက်နေ့ နံနက် ၁၁ နာရီ က ဝဲကြီးကျေးရွာရှိ အဆိုပါ ကျေးလက်ကျန်းမာရေးဌာနခွဲ၌ ကျင်းပသည်။
    

အဆိုပါ ကျေးလက်ကျန်းမာရေးဌာနခွဲကို ကရင်ပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဦးဘိုဘိုဝေမောင်နှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာကျော်စွာမြင့်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ဆေးခန်းဆိုင်းဘုတ်အား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြသည်။
    

ဝဲကြီးကျေးလက်ကျန်းမာရေးဌာနခွဲကို ADB ၊ Japan Fund For Poverty Reduction၊ From the People of  Japan တို့မှ ထောက်ပံ့လှူဒါန်းသည့် အမေရိကန်ဒေါ်လာ ၅၇၀ဝ၀ (ငါးသောင်းခုနှစ်ထောင်)ဖြင့် UNOPS မှ (၃၀’× ၃၀’ ) ရှိ ပင်မဆေးကုသဆောင်၊ (၂၅’×၂၃’)ရှိ ဝန်ထမ်းနေအိမ်၊ ခြံစည်းရိုး၊ ရေစည်၊ အဝီစိတွင်း၊ မီးရှို့ကန်၊ အချင်းမြှုပ်ကန် တို့ကို အကောင်အထည်ဖော် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။
    

ဝဲကြီး ကျေးလက်ကျန်းမာရေးဌာနခွဲသည် ဝဲကြီးကျေးရွာ၊ ရေကျော်ကြီးကျေးရွာ၊ ဌာနီကုန်းကျေးရွာတို့မှ    ကျေးလက်နေပြည်သူ ၃၆၇၉ ဦးနှင့် ပတ်ဝန်ကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု   လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပြီး ယခင်ကျေးလက်ကျန်းမာရေးဌာနခွဲ မရှိခင်က အဆိုပါကျေးရွာများမှ  ပြည်သူများသည် ထုံးအိုင်ကျေးရွာ၊ မြိုင်ကလေးကျေးရွာနှင့် ဘားအံမြို့ပေါ်သို့ သွားရောက်၍ ကျန်းမာရေးစောင့်ရှောက်မှုကို ခံယူခဲ့ရကြောင်း  ယခုအခါ ကျေးလက်ကျန်းမာရေးဌာနခွဲကို ဖွင့်လှစ်ပြီးစီးခဲ့သည့်အတွက် မိမိတို့နေထိုင်ရာ  ကျေးရွာ၌ပင် ကျန်းမာရေးစောင့်ရှောက်မှုကို ခံယူနိုင်တော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

စောမျိုးမင်းသိန်း(ပြန်/ဆက်)