ဝါးအခြေခံလက်မှုပညာမွမ်းမံသင်တန်း မန်းရေနံမြေတွင် ဖွင့်လှစ်ပို့ချ

မင်းဘူး  ၂၈   ဖေဖော်ဝါရီ 

 

မန်းရေနံမြေတွင် ရေနံတူးဖော်ထုတ်လုပ်ရေးလုပ်ငန်းများကို မြန်မာ့ရေနံနှင့်သဘာဝ ဓာတ်ငွေ့လုပ်ငန်းနှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် MPRL E&P Pte Ltd. သည် မန်းရေနံမြေဒေသခံများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသတွင်း အရင်းအမြစ်များကို အသုံးပြုထုတ်လုပ်ရသော ဒေသထွက်ကုန်များ ပိုမိုတိုးတက်ထုတ်လုပ်နိုင်ရန် စွမ်းရည်မြှင့်သင်တန်းများ ပို့ချလျက်ရှိသည်။ 

 

စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကို အဓိကလုပ်ကိုင်လျက်ရှိသည့် မန်းရေနံမြေ ဒေသခံများအနေဖြင့် မန်းရေနံမြေရှိ မူလတည်ရှိပြီး ဒေသထွက် သဘာဝအရင်းအမြစ်များနှင့် လက်မှုအတတ်ပညာများကို ထိန်းသိမ်းပြီး ဈေးကွက်ဝင်ပစ္စည်းများ ပိုမိုထုတ်လုပ်ရောင်းချနိုင်ရန် ရည်ရွယ်၍ ဝါးအခြေခံလက်မှုပညာ မွမ်းမံသင်တန်းကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှ မတ်လ ၆ ရက်နေ့အထိ ၁၀ ရက်ကြာ သင်တန်းကို မန်းရေနံမြေ ထိစပ်ကျေးရွာတစ်ရွာဖြစ်သည့် ဝါးလက်မှုလုပ်ငန်းအဓိကလုပ်ကိုင်ကြသည့် ပေါက်ကုန်းကျေးရွာတွင် ဖွင့်လှစ်ပို့ချခဲ့သည်။ 

 

MPRL E&P သည် မန်းရေနံမြေတွင် လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်လျက်ရှိသည့် ကာလတစ်လျှောက်လုံး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ဒေသခံများအတွက် စွမ်းရည်မြှင့်တင်ရေးလုပ်ငန်းများ၊ ပညာရေး၊ နှင့်ကျန်းမာရေးကဏ္ဍတို့တွင် ရေရှည်တိုးတက်ဖြစ်ထွန်းစေရန် CSR လုပ်ငန်းဆိုင်ရာ မဟာဗျူဟာ ချမှတ်ဆောင်ရွက်လျက်ရှိရာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း သက်မွေးပညာသင်တန်း (၅)မျိုးကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်မှုဖြင့်  ဖွင့်လှစ်ပို့ချနိုင်ခဲ့သည်။ 

 

အလားတူ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင်လည်း သက်မွေးပညာ သင်တန်း ၄ ခုကို ဖွင့်လှစ်နိုင်ခဲ့ပြီး သက်မွေးပညာသင်တန်း စုစုပေါင်း (၉) ခုတွင် မန်းရေနံဒေသခံ သင်တန်းသား၊ သင်တန်းသူ (၁၉၆) ဦး တက်ရောက်ခဲ့ပြီး ဖြစ်သည်။

 

အဆိုပါ သင်တန်းသား၊ သင်တန်းသူများအနက်မှ တစ်ပိုင်တစ်နိုင်စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူနှင့် အလုပ်အကိုင်အခွင့်အလမ်း တိုးတက်ရှာဖွေ ရရှိနိုင်မှုအခြေအနေများကိုလည်း MPRL E&P CSR ဌာနမှ စဉ်ဆက်မပြတ် စောင့်ကြည့်လေ့လာ သုံးသပ်လျက်ရှိပြီး သက်ဆိုင်ရာ ဌာနအသီးသီးသို့ အစီရင်ခံစာ ပေးပို့တင်ပြနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။ 

 

သတင်းစဉ်

 

1.1.