မကွေး၊ ၃၀ ဇန်နဝါရီ
ဝါးစိုက်ခင်းများ လျှောက်ထား၍ ထုတ်လုပ်ကြသည့် လုပ်ငန်းရှင်များအား ဝါးအလုံးရေ တစ်သိန်းထုတ်လုပ်တိုင်း (၂)ဧကစိုက်ခင်း ပြန်လည်စိုက်ပျိုးရန် ညွှန်ကြားထားပြီး ဝါးမျိုးပြုန်းတီးမှုမရှိစေရန် ထိန်းသိမ်းလုပ်ဆောင်နေကြောင်း မကွေးတိုင်းဒေသကြီး သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးထံက သိရသည်။
မကွေးတိုင်းဒေသကြီးအတွင်း မြို့ပေါင်း(၂၅)မြို့နယ်၊ သစ်တောကြိုးဝိုင်းပေါင်း(၁၆၆)ခု၌ ဝါးစိုက်ပျိုးထုတ်လုပ်သည့် လုပ်ငန်းရှင်(၁၆၇)ဦးရှိပြီး ၂၀၂၀ ခုနှစ်တွင် ၎င်းတို့၏ ဝါးစိုက်ခင်းများမှ ဝါးအလုံးရေ ၁၄၅ သိန်း ၈ သောင်းခန့် လျာထားထုတ် လုပ်ခဲ့သည့်အတွက် စိုက်ဧက ၃၀၀ ခန့် ပြန်လည်ဖြည့်စွက် စိုက်ပျိုးရန် ညွှန်ကြားထားကြောင်း သိရသည်။
“ဝါးမျိုးပြုန်းတီးမှုမရှိစေဖို့ စည်းကမ်းပိုင်းထိန်းသိမ်းညွှန်ကြားမှုတွေလုပ်ပေးသလို ဌာနက ကူညီနိုင်တာတွေ အားလုံးကိုလည်း ဖြည့်ဆည်းပေးနေပါတယ်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးမှာ ပြည်သူတွေ ပါဝင်လာအောင်၊ ဝါးစိုက်ပျိုးမှုအပေါ် စိတ်ဝင်စားလာအောင် မြို့နယ်အလိုက်တာဝန်ရှိသူတွေက စည်းရုံးမှုတွေ လုပ်ဆောင်နေပါတယ်” ဟု သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဌေးမောင် က ပြောသည်။
ပြည်သူများထံ အခမဲ့ဖြန့်ဝေမည့် အမယ်စုံ ပျိုးပင်ပေါင်း ၈ သိန် ၉ သောင်းခန့်ကို သစ်တောဦးစီးဌာနမှ ပျိုးထောင် ထားပြီး မျှင်ဝါးနှင့် တင်းဝါးပျိုးပင် သုံးသောင်းခွဲကို ထည့်သွင်းပျိုးထောင်ထားကြောင်း ဝါးမှာ စတင်စိုက်ပျိုးပြီး ၃ နှစ်ကြာမှ ထုတ်လုပ်၍ရသည့်အတွက် လုပ်ကွက်များကို နေရာအတည်တကျမထားဘဲ စိစစ်ပြီးမှ ၃ နှစ်တစ်ကြိမ် လုပ်ကိုင်ခွင့် ချထားပေးကြောင်း၊ ၂၀၂၁ ခုနှစ်တွင် ဝါးအလုံးရေသိန်း ၁၄၀ ကျော် ထုတ်လုပ်ရန်လျာထားကြောင်း သစ်တောဦးစီးဌာန က သိရသည်။
ဇေယျတု(မကွေး)


