ရန်ကုန် ဒီဇင်ဘာ ၂၄
လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်အတွင်းရှိ ဝါးအလယ်ကျွန်း(Wa Ale Rsort) အပန်းဖြေ စခန်းသို့ ယခုနှစ်ခရီးသွားရာသီတွင် ရုရှား၊ အီတလီ၊ ယူကေနှင့် ဥရောပနိုင်ငံအချို့မှ နိုင်ငံခြား သားခရီးသွားများ လာရောက်အပန်းဖြေ လည်ပတ်လျက်ရှိကြောင်း လန်ပိအဏ္ဏဝါအမျိုးသား ဥယျာဉ် အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။
ဝါးအလယ်ကျွန်း(Wa Ale Rsort) အပန်းဖြေစခန်းသို့ လာရောက်သည့် နိုင်ငံခြားသား ခရီးသွား တစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၈၀၀ နှင့် နှစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၁၅၀၀ နှုန်း ဖြင့် ဝန်ဆောင်မှု ပေးလျက်ရှိပြီး သဘာဝပတ်ဝန်းကျင်၊ ဇီဝမျိုးစုံမျိုးကွဲများနှင့် ရုက္ခနှင့်ဇီဝကို ထိခိုက်မှုမရှိသော ခရီးသွားဝင်ရောက်မှု ရပ်ဝန်းတစ်ခုအဖြစ် သဘာဝအခြေခံခရီးသွားလုပ်ငန်း ကို ဖော်ဆောင်လျက်ရှိကြောင်း သိရသည်။
“သဘာဝတောထဲမှာရှိတဲ့ အပန်းဖြေစခန်းတစ်ခုဖြစ်တဲ့အတွက် မြို့ပြနဲ့ခြားနားတဲ့ အထိ အတွေ့သဘာဝခံစားမှုကို ခရီးသွားတွေနှစ်ခြိုက်ကြပါတယ်။ လတ်ဆတ်တဲ့ ပင်လယ်လေကို ရှုရင်း သဲသောင်ပြင်မှာ နေပူစာလှုံတာ၊ ရေငုပ်ပြီး သန္တာကျောက်တန်းနဲ့ ရေအောက် အလှ ကြည့်တာ၊ ကမ်းခြေက လှိုင်းနဲ့ ကနူးကယက်လှေလှော်ပြီး အပန်းဖြေတာကို နှစ်ခြိုက်ကြတယ်။ တချို့က တောတွင်းလမ်းလျှောက်ပြီး ငှက်ကြည့်ကြတယ်။ အဓိက ခရီးသွားတွေ လာရောက် လည်ပတ်တယ်ဆိုတာက သဘာဝအခြေခံခရီးသွား ကောင်းမွန်တဲ့ နေရာတစ်ခု ဖြစ်လို့ပါ” ဟု လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ် အုပ်ချုပ်ရေးမှူး ဦးကြည်ဦးက ပြောသည်။
လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်တွင် နို့တိုက်သတ္တဝါ ၄၀ ခန့်၊ ငှက်မျိုးစိတ် ၂၈၈ မျိုး၊ ငါး မျိုးစိတ် ၄၂ မျိုး၊ ဂဏန်း/ ပုစွန် ၄၂ မျိုး၊ အပင်ငယ် ၁၃၆ မျိုး၊ ကုန်းနေ/ရေနေအကောင်ငယ် ၁၅၁ မျိုး၊ သစ်တောမျိုးစိတ် ၁၉၆ မျိုး၊ ဒီရေတောအပင် ၆၃ မျိုးနှင့် ပင်လယ်မြက် ကိုးမျိုးတို့ ရှင်သန် လျက်ရှိပြီး ကမ္ဘာပေါ်၌ အောက်ချင်းငှက် ၆၁ မျိုးရှိရာ၌ မြန်မာနိုင်ငံတွင် အောက်ချင်းငှက် ၁၁ မျိုးရှိရာ မြိတ်ကျွန်းစု၌ အောက်ချင်းငှက်ကိုးမျိုး နေထိုင်ကျက်စားလျက်ရှိသည်။
ဇီဝမျိုးစုံမျိုးကွဲနှင့် ဂေဟစနစ်များ ထူးခြားစွာတည်ရှိနေသည့် လန်ပိအဏ္ဏဝါ အမျိုးသား ဥယျာဉ်သည် တနင်္သာရီတိုင်းဒေသကြီး မြိတ်ကျွန်းစုတွင်တည်ရှိပြီး အမြဲစိမ်းသစ်တောများ၊ လမုတောများ၊ ပင်လယ်မြက်နှင့် ပင်လယ်ရေမှော်များ၊ ရှားပါးအပင်များ၊ သန္တာကျောက်တန်း များနှင့် ကမ္ဘာတွင် မျိုးသုဉ်းရန် ရင်ဆိုင်နေရသည့် ကုန်းနေ၊ ရေနေသတ္တဝါများ ရှင်သန်ကျက်စား လျက်သည်။
သစ္စာ(MNA)ဓာတ်ပုံ-လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်


