မယ်သီတာ(DRI)
မြန်မာနိုင်ငံသည် အပူပိုင်းမုတ်သုံရာသီဥတုမျိုးဖြစ်ပြီး ကမ္ဘာပေါ်တွင် တတိယမြောက် ဝါးထွက်ရှိသော နိုင်ငံဖြစ်ခဲ့ပါသည်။ ဝါးမျိုးစု ၂၂ မျိုးရှိပြီး မျိုးစိတ် ၁၀၂ မျိုး ထွက်ရှိပါသည်။ ဝါးများကို ကျေးလက်ဒေသများတွင် အိမ်နှင့် အဆောက်အအုံ ဆောက်လုပ်ရာတွင် နည်းလမ်းအမျိုးမျိုးဖြင့် အသုံးပြုလေ့ရှိကြပါသည်။ ဝါးထရံနှင့် ဝါးကပ်များ အသုံးပြု၍ အိမ်ဆောက်ခြင်း၊ အဆောက်အအုံ ဆောက်လုပ်ခြင်းတို့ဖြင့် ဝါးအသုံးချမှုများ တိုးတက် လာသည်ကိုလည်း တွေ့ရှိရပါသည်။ သဘာဝပတ်ဝန်းကျင်နှင့် လူတို့အား အကျိုးပြုနေသော ဝါးပင်သည် ကြီးထွားနှုန်းမြန်ဆန်သော အပင်တစ်မျိုးဖြစ်ပြီး ပညာရှင်တို့၏ လေ့လာမှုအရ တစ်ရက်လျှင် တစ်မီတာနှုန်းကြီးထွား၍ ဆယ်နှစ် အတွင်း အကျိုးအမြတ်ပေးနိုင်စွမ်းသည့်အပင်မျိုး ဖြစ်ပါသည်။ ဝါးပင်သည် လေထုအတွင်းသို့ အောက်ဆီဂျင်များစွာ ထုတ်လွှတ်နိုင်စွမ်းရှိသကဲ့သို့ ကာဗွန်ကိုစုပ်ယူနိုင်စွမ်းတွင်လည်း အချို့သော အပင်များထက် လေးဆအထိ ပိုများပါသည်။ ဝါးပင် များကို စိုက်ပျိုးခြင်းအားဖြင့် လေထုသန့်ရှင်းမှုနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အလွန် အထောက်အကူပြုလျက်ရှိပါသည်။ ဝါးများကို ကြာရှည်ခံအောင်၊ ပိုးမထိုးအောင် နည်းပညာများ အသုံးပြု၍ တံတားများ၊ အိမ်နှင့် အဆောက်အအုံများ၊ ဟိုတယ်နားနေဆောင်များ၊ အပန်းဖြေရာ ကမ်းခြေ များကိုလည်း ဆောက်လုပ်လာကြပါသည်။ ယခုဆို လျှင် မဲခေါင်နိုင်ငံများတွင် ဟိုတယ်ကဲ့သို့ နားနေ ဆောင်နှင့် အပန်းဖြေရာ ကမ်းခြေများတွင်ပါ ဝါးကို အသုံးပြုပြီး ဆောက်လုပ်ထားသည်ကို တွေ့ရှိလာရပါ သည်။ ဝါး၏တန်ဖိုးမြှင့်သော အသုံးချမှုသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပေးရုံ သာမက သစ်သားအစားထိုးရန် ဂေဟစနစ်ဖြင့် ပတ်ဝန်းကျင်ကို ကာကွယ်ရန်နှင့် သစ်တောအရင်း အမြစ်ကိုလည်း စုဆောင်းပေးမည်ဖြစ်ပါသည်။ စီးပွားဖြစ်ဆောက်လုပ်ရေးသုံးပစ္စည်း၊ လူသုံးကုန် ပစ္စည်း၊ စွမ်းအင်သုံးပစ္စည်းများကို ဝါးမှထုတ်လုပ် နိုင်မှုနှင့် နှစ်စဉ်ပြန်လည်အသုံးချနိုင်မှုနှုန်းသည် အခြားသော သဘာဝအရင်းအမြစ်များထက် ပိုမို အသုံးပြုလာနိုင်မည်ဖြစ်ပါသည်။
ဝါးသက်တမ်းရှည်ကြာစေရန် ဆေးရည်စိမ်ခြင်း
ဝါးကို ပိုးမစားအောင် ဆေးရည်စိမ်ခြင်းဖြင့် ဝါးသက်တမ်းရှည်ကြာစေနိုင်ပြီး ဆေးရည်စိမ်ပြီးသော ဝါးများကို အသုံးပြု၍ ဝါးဗိသုကာအဆောက် အအုံတည်ဆောက်ခြင်းဖြင့် အဆောက်အအုံ၏ သက်တမ်းကိုလည်း ပိုမိုရှည်ကြာစေနိုင်ပါသည်။ ဝါးဗိသုကာ အဆောက်အအုံတည်ဆောက်ရန် အတွက် အရင်ဆုံးဝါးများကို စုဆောင်းပြီးလျှင် အဆောက်အအုံ ဆောက်လုပ်ရန်အတွက် ဝါးများ စုဆောင်းရာတွင် တိုင်ထောင်ခြင်း၊ တန်းများထိုးခြင်းတို့တွင် အသုံးပြုရန်အတွက် အသားထူ၊ ကျစ်လျစ်၍ ဖြောင့်တန်းပြီး ကဆီဓာတ်နည်းသော အလွယ်တကူပိုးမထိုးနိုင်သော ထီးရိုးဝါးကို ရွေးချယ်၍ စုဆောင်းပါသည်။ ကြသောင်းဝါးသည်ကျစ်ပြီး အသားပါးသောကြောင့် အခင်း၊ အကာ၊ ထရံနှင့် ဝါးခြမ်းပြားအဖြစ်အသုံးပြုပြီး ဝါးပိုးဝါးသည် အသားထူသောကြောင့် တိုင်၊ ဝါးကပ်၊ သဲ့ပြားနှင့် အပြားများတွင် အသုံးပြုလေ့ရှိကြပါသည်။ ဝါး ဗိသုကာလက်ရာဆောက်လုပ်ရာတွင် ထီးရိုးဝါးကို တိုင်ထောင်ခြင်း၊ ဒိုင်းကွေးခြင်း၊ မြားတန်းထိုးခြင်း၊ ဂငယ်ကွေးခွေခြင်းနှင့် အမိုးမိုးသောအခါ တန်းများ ထိုးခြင်းဖြင့် အသုံးပြုထားပါသည်။ ကြသောင်းဝါးကို အမိုးမိုးရာတွင် အသုံးပြုပြီး ဝါးပိုးဝါးကို ဝါးပိုး သဲ့ပြားပြုလုပ်၍ အမိုးမိုးရာတွင် အသုံးပြုပါသည်။
မှိုမတက်စေရန် ဆေးရည်စိမ်ခြင်း
ဝါးဗိသုကာ အဆောက်အအုံတည်ဆောက်ရန်အတွက် ဝါးများကို ပိုးမထိုးစေရန်၊ မှိုအန္တရာယ်မှ ကာကွယ်ရန်၊ မှိုမတက်စေရန်နှင့် ပိုးမထိုးဘဲ ကြာရှည်ခံစေရန် ဆေးစိမ်ရပါသည်။ ဆေးစိမ်ရာ တွင် Boric acid နှင့် Borax ကိုအသုံးပြု၍ ဆေးစိမ် ကန်ထဲသို့ ဝါးများကို ထည့်ပြီး ဆေးရည်တွင် စိမ်ရ ပါသည်။ ဝါးအမျိုးအစားပေါ်မူတည်ပြီး ကန်အတွင်းထဲကိုဆံ့သည့် ဝါးလုံးအရေအတွက် ကွာခြားမှုရှိ နိုင်ပါသည်။ ဆေးစိမ်ကန်ထဲတွင် အပူချိန် ၁၀၀ ဒီဂရီ စင်တီဂရိတ်ဖြင့် ဆေးများဝါးလုံးအတွင်း စိမ့်ဝင် စေရန် ၂၄ နာရီကြာထားပြီး စိမ်ထားပါသည်။ ဆေးမစိမ်မီ ဝါးလုံးများကို သံချောင်းအရှည်ဖြင့် ဝါး အတွင်းပိုင်းများအထိ ဆေးရည်များစိမ့်ဝင်စေရန် အတွက် အလုံးလိုက်အဆစ်နေရာကို အပေါက် ဖောက်ခြင်းများပြုလုပ်ပြီး ဝါးဆစ်တစ်ဆစ်တိုင်းကို drill နှင့် အပေါက်နှစ်ပေါက် ဖောက်ပေးရပါသည်။ ဆေးစိမ်ပြီးသောအခါတွင် ပိုလျှံနေသော ဓာတုဓာတ်ဆေးများ ဖယ်ရှားရန်အတွက် ရေဆေးကန်တွင် ဝါးလုံးတစ်လုံးခြင်းစီကို အဝတ်ဖြင့်ပွတ်၍ တစ်ကြိမ် ဆေးကြောပါသည်။ ရေဆေးကန်တွင် ဆေးကြောပြီးသော ဝါးလုံးများကို ရာသီဥတုအရ နေရောင်ခြည်ရရှိမှုပေါ်မူတည်၍ တစ်ရက်မှ ငါးရက်အထိ နေလှန်းစင်တွင် ခြောက်သည်အထိ နေလှန်းထားရပါသည်။ နေလှန်း၍ ခြောက်သွားသော ဝါးလုံးများကို အရိပ်ထဲတွင် သိမ်းဆည်းသိုလှောင် ထားရပါသည်။
ဝါးဖြင့်အဆောက်အအုံများ တည်ဆောက်ခြင်း
ဝါးဗိသုကာလက်ရာ အဆောက်အအုံ တည်ဆောက်ရန်အတွက် အသုံးပြုထားသော ဝါး အမျိုးအစားများမှာ ထီးရိုးဝါး၊ ကြသောင်းဝါးနှင့် ဝါးပိုးဝါးသဲ့ပြားများကို အသုံးပြုထားခြင်းဖြစ်ပါသည်။ သုံးနှစ်နှင့်အထက်ရှိသော ဝါးများကို အသုံးပြုထားခြင်းဖြစ်ပါသည်။ သုံးနှစ်အောက် ဝါးများကို ခုတ်ယူခြင်းမှ ရလာသောဝါးများတွင် သကြားဓာတ် အမြောက်အမြား ပါဝင်နေပြီး ပိုးမွှားများအလွယ်တကူ ကျရောက်နိုင်သောကြောင့် ဖြစ်ပါသည်။ အဆောက်အအုံ စတင်တည်ဆောက်ရန်အတွက် အရင်ဆုံး အုတ်ဖိနပ်တိုင်ထောင်ရန် ကျင်းတူးရပါသည်။ ကျင်းတူးပြီးသောအခါတွင် ၁၉ လက်မ ပတ်လည်၊ နှစ်ပေအနက်တူးပြီး အုတ်များစီ၍၊ မြေအပေါ်ကို တစ်ပေအမြင့်ထား၍ အုတ်ဖိနပ်တိုင် များထောင်ပါသည်။ တိုင်ထောင်သည့်အခါတွင် လည်း တိုင်တစ်တိုင်ကို ထီးရိုးဝါးလေးချောင်း အသုံးပြုပြီး တိုင်ထောင်ထားပါသည်။ ရာသီဥတု ဒဏ်နှင့် သဘာဝဘေးအန္တရာယ်ကို ကာကွယ်နိုင်စေ ရန်အတွက် သုံးပေစီခွာပြီး နပ် (nut) စွဲထားရပါသည်။ အဆောက်အအုံဒီဇိုင်းအရ တိုင် အတိုအရှည် မတူညီနိုင်ပါ။ အုတ်ဖိနပ်တွင်စိုက်မည့် တိုင်နှင့် ဒိုင်းကွေးများကို မြေပေါ်တွင်ပြုလုပ်ခါ လိုအပ်သလို Screw များစွဲရပါသည်။
ထိုသို့ပြုလုပ်ပြီးသောအခါ အုတ်ဖိနပ်တိုင်များတွင် စိုက်ရပါသည်။ ထီးရိုးဝါးကို ဂငယ်ကွေးခွေရာတွင် အကွေးကောင်းစေရန် အတွက် အကွေးနေရာများမှာ ခြောက်လက်မစီ ခြားပြီး အထစ်ရာများပေး၍ တိုင်တွင် Screw စွဲပြီး ဂငယ်ကွေးခွေရပါသည်။ ထိုသို့ တိုင်ထောင်ခြင်း၊ ဒိုင်းကွေးခြင်း၊ ဂငယ်ကွေးခွေခြင်းများ ပြုလုပ်ပြီး ပါက အမိုးမိုးရန်အတွက် တန်းများထိုးရပါသည်။ တန်းထိုးရာတွင် အလျားလိုက်တစ်တန်းစီကို ဝါး သုံးချောင်းစီပူးပြီး တစ်တန်းနှင့် တစ်တန်း လေးပေ အကွာတန်း ထိုးရပါသည်။ ကန့်လန့်ဖြတ်တန်း တွက် ဝါးတစ်ချောင်းနှင့် တစ်ချောင်း တစ်ပေအကွာ တန်းထိုးပါသည်။

အဆောက်အအုံ အမိုးမိုးခြင်း
အမိုးမိုးသည့်အခါတွင် ကြသောင်းဝါး၊ ပလတ် စတစ်အထူပြားနှင့် ဝါးပိုးဝါးသဲ့ပြားများကို အသုံး ပြုပြီး သုံးထပ်မိုးပါသည်။
ပထမတစ်ထပ်မှာ ကြသောင်းဝါးခြမ်းပြားကို ဝါး၏သဘာဝအရောင် ထွက်နေစေရန်အတွက် မြေဝါမှုန့်ကို ခံဆေးသဘောသုတ်ထားသော ကြသောင်းဝါးခြမ်းပြားများကိုအသုံးပြုပြီး မိုးထား ပါသည်။ ကြသောင်းဝါးခြမ်းပြားများကို တစ်ဖက်လှန်၍ မိုးပါသည်။ ထိုသို့ တစ်ဖက်လှန်၍ မိုးရခြင်းမှာ အကယ်၍ မိုးယိုခဲ့လျှင် ရေတံလျှောက် သဘောမျိုး ဖြစ်နေ၍
အဆောက်အအုံအတွင်းကို မိုးမယိုစေရန်အတွက် ဖြစ်ပါသည်။ ကြသောင်းဝါးလုံးကို လေးခြမ်း စိတ်ထားသော လေးပေအရှည်ဖြတ်ထားသည့် ကြသောင်းဝါးခြမ်းပြားများကို Pneumatic nail gun ကိုအသုံးပြု၍ အမိုးမိုးပါသည်။ ဒုတိယ တစ်ထပ်ကို အမိုးမိုးရာတွင် နှစ်ထပ်ပါပြီး နှစ်ပေ အရွယ်အစားရှိသော ပလတ်စတစ်အထူသားကို အသုံးပြုထားပါသည်။ ပလတ်စတစ်နှစ်ခုအကြား မှာ ရေမဝပ်စေရန်အတွက် အောက်ပိုင်းလေးများကို ညှပ်ပြီး ကြသောင်းဝါးခြမ်းပြား အမိုးပေါ်တွင် ဖြန့်၍မိုးပါသည်။ နောက်ဆုံးတတိယတစ်ထပ် မိုးရာ တွင် ဝါးပိုးဝါးကို အပြားပြုလုပ်ထားသော ဝါးပိုး သဲ့ပြားကို အသုံးပြု၍ မိုးထားပါသည်။ နှစ်ပေအရှည် ဖြတ်ထားသော ဝါးပိုးသဲ့ပြားများကို ဝါးကပ်သဘော တွဲပြီး ခြောက်လက်မစီထပ်ပြီး Pneumatic nail gun ကိုသုံး၍ မိုးပါသည်။ အမိုးသုံးထပ်မိုးပြီးသော အခါတွင် ရာသီဥတုဒဏ်ခံနိုင်စေရန်အတွက် အမိုး ပေါ်ကို ရေများဆေးချပြီး MU Laiquer ဆေးကို နှစ်ထပ်သုတ်ပါသည်။ အတွင်းပိုင်းအမိုးတစ်ခုလုံး ကိုလည်း ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်သုံး၍ ချေးချွတ်ပြီး အတွင်းဆေး MU Urethane သုတ်ပါသည်။ ထို့နောက် အဆောက် အအုံတစ်ခုလုံးကို ဆေးသုတ်ခြင်းများပြီးသွားပါက အချောသတ်ခြင်းများကို ပြုလုပ်ရပါသည်။ တိုင်နေရာများကိုလည်း အုန်းဆံကြိုးဖြင့်ပတ်ပြီး အလှဆင်ထားပါသည်။
ဝါးဗိသုကာ အဆောက်အအုံတည်ဆောက်ရာ တွင် အသုံးပြုထားသော ကိရိယာများမှာ ဝါးလုံး များ တစ်ခုနှင့်တစ်ခု တွဲပြုလုပ်ရသော တိုင်ထောင် ခြင်း၊ ဒိုင်းကွေးခြင်း၊ မြားတန်းနှင့် ဂငယ်ကွေးများ ကို မူလီများတွဲ၍ ဝက်အူဆွဲခြင်းကို အသုံးပြုပြီး၊ အုတ်တိုင်ထောင်သော နေရာများတွင် နပ်ကို အသုံးပြုထားပါသည်။ အမိုးမိုးသည့်အခါတွင် Pneumatic nail gun ကိုသာအသုံးပြု၍ မိုးထား ပါသည်။
အဆောက်အအုံတစ်ခုလုံး ပြီးသွားပါက အဆောက်အအုံအတွင်းပိုင်းကို ကွန်ကရစ်လောင်း ရန်အတွက် အဆောက်အအုံ၏ဘေးပတ်လည်ကို အုတ်ခဲကျိုးနှင့် သဲများဖို့၍ အုတ်ဘောင်ခတ်ရပါသည်။ ကွန်ကရစ်လောင်းရန်အတွက် အဆောက် အအုံ၏ဘေးပတ်လည်ကို အုတ်ဘောင်ခတ်ပြီးပါက အဆောက်အအုံအတွင်းပိုင်းကို ကျောက်၊သဲ၊ ဘိလပ် မြေရော၍ ကွန်ကရစ်လောင်းပါသည်။ လောင်းထား ပြီးသော ကွန်ကရစ်ပေါ်တွင် ရေစိုခံစေရန်၊ ရေစိုခံ သော WPC ကြမ်းခင်းပြားကိုခင်း၍ အလှဆင်ထားပါသည်။ အထက်ပါနည်းပညာများကိုအသုံးပြု၍ ဝါးဗိသုကာလက်ရာ အဆောက်အအုံတည်ဆောက် နိုင်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။
ဝါးကို ငြမ်း၊ တံတား၊ အိမ်နှင့် အဆောက်အအုံများ အတွက် ဆောက်လုပ်ရေးပစ္စည်းအဖြစ် ကျယ်ကျယ် ပြန့်ပြန့် အသုံးပြုလာကြပါသည်။ ဝါးသည် ခိုင်ခံ့မှု အလေးချိန် အချိုးအစားမြင့်မားသော သဘာဝ ပေါင်းစပ်ပစ္စည်းတစ်ခုလည်းဖြစ်ပါသည်။ အခြားသော ဆောက်လုပ်ရေးပစ္စည်းများနှင့် ယှဉ်လျှင် ပေါ့ပါးပြီး ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေမှုရှိသော ဆောက်လုပ်ရေးပစ္စည်း တစ်ခုလည်း ဖြစ်ပါသည်။ ကြီးထွားနှုန်းမြန်ပြီး ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့နေသော အပင်များထဲမှလည်း တစ်ခုအပါအဝင် ဖြစ်ပါသည်။ ဝါးသည် အလျားလိုက် နံရံတစ်ခုပါရှိကာ ကွေးညွတ်နိုင်စေပြီး ကွေးသည့်အခါ ကွဲထွက်ခြင်းကို ကာကွယ်နိုင်ခြင်း၊ အဆောက်အအုံ ဆောက်ရာတွင် ငလျင်ဒဏ်ခံနိုင်ရည်ရှိခြင်းစသည့် သာလွန်ကောင်းမွန်သည့် ထူးခြားသောလက္ခဏာ များပါရှိပါသည်။ ဝါးကိုအသုံးပြုပြီး ခေတ်မီဆန်းသစ်သော နည်းပညာများကိုအခြေခံ၍ အဆောက်အအုံဆောက်လုပ်ခြင်းအားဖြင့် ကုန်ကျ စရိတ် သက်သာခြင်း၊ တာရှည်ခံခြင်း၊ ပေါ့ပါးပြီး ခိုင်ခံ့မှုမြင့်မားခြင်း၊ သဘာဝဘေးအန္တရာယ်များကို ခံနိုင်ရည်ရှိခြင်း၊ ပြန်လည်ပြည့်ဖြိုးမြဲအရင်းအမြစ် တစ်ခုဖြစ်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိပါသည်။ မြန်မာနိုင်ငံတွင် ခေတ်မီနည်းပညာများဖြင့် သစ်တောအခြေခံထုတ်ကုန်များကို နိုင်ငံတကာ စျေးကွက်ထိုးဖောက်နိုင်ရန်နှင့် နိုင်ငံတကာ ကုန်သွယ်မှုများအတွက် ဝါးတန်ဖိုးမြှင့် ထုတ်ကုန် များသည် အလားအလာအလွန်ကောင်းသည့် ထုတ်ကုန်များဖြစ်ပါသည်။ resort များတွင် နားနေ ဆောင်များအဖြစ် အလှဆင်နိုင်သော ဝါးဗိသုကာ လက်ရာများကို ကျယ်ကျယ်ပြန့်ပြန့် တွင်ကျယ်စွာ အသုံးပြုနိုင်မည့် အခွင့်ကောင်းများလည်း ရရှိနိုင် မည်ဖြစ်ပါသည်။ ဝါးစက်မှုလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်စေခြင်း၊ ဆန်းသစ်တီထွင်သော နည်းပညာ များဖြင့် ဝါးထုတ်ကုန်ပစ္စည်းများကို အသေးစား၊ အငယ်စားနှင့် အလတ်စားစက်မှုလုပ်ငန်းများမှ အသုံးချမှုမြင့်မားလာခြင်းဖြင့် နိုင်ငံတကာ ဈေးကွက်တွင် ယှဉ်ပြိုင်ရောင်းချနိုင်ခြင်းဖြင့် နိုင်ငံတော်၏ လူမှုစီးပွားတိုးတက်လာပြီး နိုင်ငံအချင်းချင်းပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်း လာနိုင်မည် ဖြစ်ပါသည်။