ဝါဆိုလပြည့်နေ့သည် မြတ်ဗုဒ္ဓ၏ ဖြစ်စဉ်တော်နှင့် ထေရဝါဒဗုဒ္ဓဘာသာ သာသနာဝင်သမိုင်းတွင် အထူးခြားဆုံးလဖြစ်သည်။ ဝါဆိုလ၏ ထင်ရှားလှသည့် ဓမ္မပူဇာပွဲမှာ “ဓမ္မစကြာအခါတော်နေ့” ဖြစ်သည်။ ဝါဆိုလပြည့်နေ့ကို အကြောင်းပြု၍ “လမြတ်ဝါဆို ကုသိုလ်တွေပိုသည့်လ” ဟုဆိုကြပါသည်။ အခြားလများထက် ဝါဆိုလပြည့်နေ့သည် ဘာသာရေးအရ အရေးပါသောလဟု နှလုံးသွင်းကြည်ညိုသူတိုင်း ကုသိုလ်တိုးပွား၊ ကောင်းကျိုးများစေမည့် သာသနာတော်ဆိုင်ရာ အခါတော်နေ့ဖြစ်သည်။
ဝါဆိုလပြည့်နေ့၏ ထူးခြားချက်များမှာ မယ်တော်မာယာ၏ ဝမ်းကြာတိုက်တွင် ဘုရားအလောင်း သိဒ္ဓတ္ထမင်းသား ပဋိသန္ဓေယူသောနေ့၊ သိဒ္ဓတ္ထမင်းသား တောထွက်တော်မူသောနေ့၊ ဘုရားဖြစ်တော်မူပြီးနောက် ဓမ္မစကြာတရားဦး ဟောတော်မူသောနေ့၊ ဘုရားဖြစ်ပြီဟု ရဲဝံ့စွာကြေညာတော်မူသောနေ့၊ တရားရတနာ စတင်ပေါ်ထွန်းသောနေ့၊ သံဃာရတနာ စတင်ပေါ်ထွန်းသောနေ့၊ ဧဟိဘိက္ခုဟူသော မြတ်ဗုဒ္ဓ၏ ဗျာဒိတ်တော်ရ ရဟန်း စတင်ပေါ်ထွန်းသောနေ့၊ ခုနစ်ဝါမြောက် ဝါဆိုတော်မူရင်း အဘိဓမ္မာတရား ဟောကြားရန်အတွက် တာဝတိံသာနတ်ပြည်သို့ ကြွတော်မူစဉ် ရေမီးအစုံဖြင့် တန်ခိုးပြာဋိဟာ ပြတော်မူသောနေ့ဟူသည့် ထူးခြားလေးနက်သော နေ့ထူးနေ့မြတ်များ အစုံပါဝင်သည့်နေ့ဖြစ်သည်။
သူတော်ကောင်းအပေါင်းတို့အနေဖြင့် ယခုလို ဝါဆိုလပြည့်နေ့ရောက်တိုင်း သဒ္ဓါတရားပေါက်ရာ အခါတော်တစ်မျိုးမျိုးဖြစ်စေ၊ အားလုံးကိုဖြစ်စေ နှလုံးသွင်းဆင်ခြင်ပြီး မြတ်ဗုဒ္ဓကို အာရုံပြု၍ ကြည်ညိုသဒ္ဓါပွားနိုင်ကြပါသည်။ ထေရဝါဒသာသနာဝင်သမိုင်းတွင် အထူးခြားဆုံးဖြစ်သလို ဗုဒ္ဓဘာသာဝင်အပေါင်းတို့အနေဖြင့် ထူးထူးခြားခြား ကုသိုလ်ပွဲများ ကျင်းပကာ ပူဇော်ကြပါသည်။ ဝါဆိုလ၏အစဉ်အလာ ပဉ္စခံပွဲထက် ဓမ္မစကြာအခါတော်နေ့သည် ပိုမိုထင်ရှားလေးနက်ပါသည်။ ဝါတွင်းသုံးလရှိ ဥပုသ်နေ့တိုင်း ဘုရားကျောင်းတို့တွင် ဓမ္မစကြာတရားတော်များကို ကျားမ ကြီးငယ်မရွေး ဝတ်အသင်းသူ အသင်းသားတို့က မြန်မာပြည်တစ်ဝန်းတွင် ရွတ်ဖတ်ပူဇော်သံများကို မင်္ဂလာရှိစွာ ကြားခဲ့နာခဲ့ကြပါသည်။
ဗုဒ္ဓဘာသာဝင်အများစုသည် ဝါဆိုလပြည့်နေ့မှစတင်၍ ဝါတွင်းသုံးလ ဥပုသ်နေ့တိုင်း ဥပုသ်သီလစောင့်ထိန်းကြသည်။ ဝါပကာလများတွင် အချို့ကျောင်းများ၌ ဥပုသ်သည်အနည်းငယ်ရှိသော်လည်း အချို့ကျောင်းများတွင် သာရေး၊ နာရေးကိစ္စများမှအပ ဥပုသ်စောင့်သူမရှိတော့ပေ။ ဝါတွင်းသုံးလ၌ ဥပုသ်စောင့်ထိန်းကြသည်ကို သာဓုခေါ်ဆိုရမည်ဖြစ်သော်လည်း ဝါကျွတ်သည်နှင့် ဘုရားသွား၊ ကျောင်းတက်နှင့် ဥပုသ်မစောင့်လိုတော့သည့်အလေ့ကို ပြုပြင်ရမည်ဖြစ်သည်။ ဗုဒ္ဓဘာသာဝင်မှန်လျှင် ဝါတွင်း၊ ဝါပမရွေး ဥပုသ်စောင့်ထိန်းသင့်သည်။ အသက်ခန္ဓာတည်နေသမျှ ငါးပါးသီလတရားတော်မြတ်ကို လုံခြုံစွာစောင့်ထိန်းသင့်သည်။ သီလလုံခြုံသော တိုင်းပြည်သည် မလွဲမသွေ အေးချမ်းသာယာဝပြောနေမည်ဖြစ်သည်။
ဝါဆိုလပြည့်နေ့သည် “သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ တချက်ပြာဋိဟာ” ဆိုသည့်အတိုင်း မြတ်ဗုဒ္ဓ၏ အံ့ချီးဖွယ်မကုန် ကြည်ညိုလို့မဆုံးသည့် ဖြစ်စဉ်တော်များ အစုံအလင်ပါဝင်နေသဖြင့် ကြည်ညိုသဒ္ဓါပွားကြရမည်ဖြစ်သလို ဝါဆိုလပြည့်ကျော် ၁ ရက်နေ့မှစတင်၍ ရဟန်းသံဃာတော်များ ပုရိမဝါကပ်ဝါဆိုတော်မူကြသည်မှာလည်း ကြည်ညိုဖွယ်ဖြစ်သည်။ ဗုဒ္ဓသာသနာ့ဝန်ထမ်း ရဟန်းတော်များသည် ဝိနည်းတော်နှင့်အညီ ဝါတွင်းသုံးလကာလပတ်လုံး အရပ်တစ်ပါးသို့ မသွားရောက်တော့ဘဲ တစ်ကျောင်း၊ တစ်နေရာ၌ သီတင်းသုံးပါမည်ဟု ရွတ်ဆိုအဓိဋ္ဌာန်ပြုကာ သီလသီတင်းဆောက်တည် ဝါကပ်တော်မူကြသည်မှာ ကြည်ညိုသဒ္ဓါပွားစရာဖြစ်သည်။ ရဟန်းသံဃာတော်များ ဝါဆိုဝါကပ်တော်မူစဉ် သီတင်းသုံးရာကျောင်းတိုက်များ၌ ဥပုသ်သီတင်းဆောက်တည်ကြခြင်း၊ ကောင်းမှုကုသိုလ်များ ပြုလုပ်ကြခြင်းဖြင့် ကောင်းကျိုးများကို ဆောင်ယူရမည်ဖြစ်သည်။
ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့သည် ဓမ္မစကြာတရားဦး ဟောတော်မူခြင်းကို အကြောင်းခံသည်။ ကျေးဇူးလည်းရှိ ဟောလျှင်လည်း သိနိုင်သူ ပဉ္စဝဂ္ဂီ ငါးဦးတို့ကို ရှောင်ကြဉ်ရန် ဝဲယာအစွန်းလွန် လမ်းစဉ်နှစ်မျိုး၊ လိုက်နာကျင့်ကြံရန် မဇ္ဈိမပဋိပဒါ အလယ်အလတ်လမ်းစဉ်ခေါ် မဂ္ဂင်ရှစ်ပါး၊ သစ္စာလေးပါးတို့ဖြင့် တန်ဆာဆင်အပ်သော “ဓမ္မစက္ကပဝတ္တနသုတ္တန်” (ဓမ္မစကြာ) တရားကို ဟောကြားတော်မူရာ အရှင်ကောဏ္ဍညမထေရ်သည် နတ်ဗြဟ္မာ ၁၈ ကုဋေနှင့်အတူ သောတာပန်တည်တော်မူသည်။ တရားဒေသနာအပြီးတွင် မဟာပထဝီမြေကြီးလည်း မြည်ဟည်းတုန်လှုပ်သည်။ ဓမ္မစကြာတရားဦးဟောသည့်နေ့သည် မဟာသက္ကရာဇ် ၁၀၃ ခုနှစ် နေလည်းဝင်စ၊ လလည်းထွက်ပြူချိန် ဝါဆိုလပြည့် စနေနေ့ ညချမ်းအချိန်ဖြစ်သည်။
သို့ဖြစ်ရာ ဓမ္မစကြာတရားတော်သည် ဝဲယာအစွန်းလွန် လမ်းစဉ်နှစ်မျိုး၊ အလယ်အလတ်လမ်းစဉ် မဂ္ဂင်ရှစ်ပါး၊ သစ္စာလေးပါးတို့ဖြင့် တန်ဆာဆင်အပ်သော တရားတော်မြတ်ဖြစ်ရာ ယနေ့ဝါဆိုလပြည့်နေ့တွင် ဘုရား၊ တရား၊ သံဃာတော်မြတ်တို့ လွှမ်းခြုံသည့် ဓမ္မစကြာတရားမြတ်ကို ကြည်ညိုသဒ္ဓါပွား နာယူမှတ်သားကြပြီး ကုသိုလ်အထူးယူကြရမည်ဖြစ်ပါကြောင်း။ ။