နေပြည်တော် ၂၇ ဇူလိုင်

 

ယနေ့သည် ခရစ်နှစ် ၂၀၁၈ ခုနှစ် ဇူလိုင်လ ၂၇ ရက်၊ မြန်မာသက္ကရာဇ် ၁၃၈၀ ပြည့်နှစ် ဒုတိယဝါဆိုလပြည့်နေ့ဖြစ်သည်။ မြန်မာတို့၏ ဆယ့်နှစ်လရာသီတွင် စတုတ္ထမြောက်လဖြစ်ပြီး ဗုဒ္ဓဘာသာအစဉ်အလာ ထုံးစံအရဝါတွင်းကာလကျရောက်ပြီဟု ဆိုရမည်။ ထိုကာလမှစ၍ ဝါတွင်းသုံးလတွင် ရဟန်းတော်များအနေဖြင့် သီတင်းသုံးရာ ကျောင်းတိုက်၌နေထိုင်ပါမည်ဟု အဆိုပြုသောလဖြစ်၍ ဝါဆိုလဟု ခေါ်ဆိုကြသည်။

 

ဝါဆိုလသည် မြန်မာနိုင်ငံ၏ နွေရာသီနှင့် မုတ်သုံရာသီကာလအပိုင်းအခြားဖြစ်ပြီး ခရစ်နှစ်အားဖြင့် ဇွန်လနှင့် ဇူလိုင်လအတွင်းကျရောက်သည်။ “ဝါ” ဟူသည် နေထိုင်ခြင်း၊ “ဆို”ဟူသည် ရွတ်ဆိုခြင်းဟု အနက်ဖွင့်ဆိုကြသည်။ ဝါဆိုလ၏ ယေဘုယျ နေထွက်ချိန်မှာ နံနက် ၄ နာရီ ၄၈ မိနစ်ဖြစ်ပြီး နေဝင်ချိန်မှာ ညနေ ၇ နာရီ ၁၂ မိနစ်ဖြစ်သောကြောင့် ၁၂ လရာသီတွင် ဝါဆိုလသည် နေ့တာအရှည်ဆုံးလဖြစ်သည်။

 

ဝါဆိုလသည် မြန်မာတို့အတွက် အထွတ်အမြတ်ထားသည့် လဖြစ်သလို ယနေ့ ဒုတိယဝါဆိုလပြည့်နေ့သည် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများအနေဖြင့် ပိုမို၍ ဂရုဓမ္မပြု အလေးအမြတ်ထားသော နေ့တစ်နေ့ဖြစ်သည်။ အဘယ်ကြောင့်ဟူမူ ဝါဆိုလပြည့်နေ့တွင် ဘုရားအလောင်းတော်သည် တုသိတာနတ်ပြည်မှ စုတေကာ လူ့ပြည်၌ ပဋိသန္ဓေတည်သည့်နေ့၊ သိဒ္ဓတ္ထမင်းသား နိမိတ်ကြီးလေးပါးကိုမြင်၍ တောထွက်တော်မူသောနေ့၊ ဘုရားဖြစ်တော်မူပြီး ဓမ္မစကြာတရားဦးကို ဟောကြားတော်မူသောနေ့၊ သာဝတ္ထိပြည် သရက်ဖြူပင်ခြေရင်း၌ တိတ္ထိတို့ကိုနှိမ်နင်း၍ တန်ခိုးပြာဋိဟာ ပြတော်မူသောနေ့၊ ထိုသို့သော ထူးခြားသည့်ဂုဏ်အင်လေးပါးနှင့်ပြည့်စုံသောနေ့တစ်နေ့ဖြစ်သောကြောင့် နေ့တကာနေ့တွင် အမြတ်ဆုံးနေ့ဟု ဆိုထိုက်ပေသည်။

 

ထို့ကြောင့် ဗုဒ္ဓဘာသာရဟန်းသံဃာများအနေဖြင့် ဝါဆိုလတွင်ဝါဆိုဝါကပ်တော်မူကြပြီး ဗုဒ္ဓဘာသာဝင် မြန်မာပြည်သူများအနေဖြင့်ဤဝါဆိုလပြည့်နေ့တွင် ကျောင်းကန်ဘုရားများသို့ သွားရောက်၍ ဝါဆိုပန်းများ ကပ်လှူခြင်း၊ သံဃာတော်များအား ဝါဆိုသင်္ကန်းများ ဆက်ကပ်လှူဒါန်းခြင်း၊ ဓမ္မစကြာတရားတော်များကို ရွတ်ဖတ်သရဇ္ဈာယ်ခြင်းအားဖြင့် ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ကို ဆင်နွှဲပြုလုပ်သည့်ကောင်းမှုအစုစုတို့ကို ပြုလုပ်ကြသည်။

 

ဤဝါဆိုလပြည့်နေ့၏ ထူးခြားသည့်အမှတ်လက္ခဏာဖြစ်သည့်နိုင်ငံတစ်ဝန်းရှိ စေတီ၊ ဘုရား၊ ကျောင်းကန်များတွင်ဓမ္မစကြာအခါတော်နေ့ကို စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပကြသည်မှာ နိုင်ငံသူနိုင်ငံသားများ၏ ကောင်းသောအမှု၊ မြတ်သောမင်္ဂလာအမှုပြုလုပ်ခြင်းဖြစ်၍ မြန်မာပြည်တစ်ဝန်း ကျက်သရေမင်္ဂလာအပေါင်းနှင့် ခညောင်းပြည့်စုံသော နေ့တစ်နေ့ဟု ခေါ်ဆိုထိုက်ပေသည်။ ထိုသို့ ကောင်းခြင်းမင်္ဂလာအဖုံဖုံတို့ကြောင့် မြန်မာပြည်တစ်ဝန်းကိုလည်း လွှမ်းခြုံကာအေးချမ်းသာယာမှု အပေါင်းနှင့်ပြည့်စုံအောင် ဆက်လက်ဆောင်ကြဉ်းပေးကြရမည်ဖြစ်သည်။

 

သို့ဖြစ်ရာ မြန်မာပြည်တစ်ဝန်းအတွက် ဤနေ့ဤရက်သည် ကောင်းမှုအဖြာဖြာတို့ကို ဖြည့်ဆည်းအပ်သည့် “ဓမ္မစကြာအခါတော်နေ့”ဖြစ်သည်နှင့်အညီ “ဓမ္မ” ကောင်းမြတ်သောတရားများ “စကြာ” ဝန်းကျင်တစ်ခွင်တွင် မွတ်မွတ်လည်ပတ်သကဲ့သို့ မြန်မာနိုင်ငံအတွင်းမှ ပြည်သူပြည်သားအပေါင်းတို့အနေဖြင့် ဘေးဥပဒ်အန္တရာယ်များ ကင်းဝေးပြီးအေးချမ်းသာယာခြင်းတို့ ခြုံလွှမ်းစေရန်အတွက် ကောင်းမြတ်သည့်ကုသိုလ်အပေါင်းတို့အား ကိုယ်စီ ပွားများ အားထုတ်နိုင်ကြပါစေကြောင်း။ ။

 

ကြေးမုံ