ပခုက္ကူ ၁၆ ဇူလိုင်
ပခုက္ကူခရိုင် အတွင်းရှိ ပခုက္ကူမြို့နယ်နှင့် ရေစကြိုမြို့နယ်အတွင်းရှိ သာရက္ခန်ဘုရားများတွင် ဝါဆို လပြည့်နေ့ ဓမ္မာစကြာနေ့ (ဇူလိုင် ၁၆ ရက်) နေ့၌ ဘုရားဖူးလာပြည်သူများနှင့် စည်ကားလျှက်ရှိသည်။
ပခုက္ကူမြို့ ရွှေတန့်တစ်ရွာရှိ ရွှေတန့်တစ် သာရက္ခန်ဘုရား၊ ရေစကြိုမြို့၊ ဆင်ကြို့ကျေးရွာရှိ ဆင်ကြို့သာရက္ခန်ဘုရားနှင့် ပခန်းကြီးမြို့ဟောင်းရှိ စည်သူရှင်သာရက္ခန်ဘုရားတို့တွင် ဘုရားဖူးလာပြည်သူများနှင့် စည်ကားလျှက်ရှိသည်။
ပခန်းကြီး၊ စည်သူရှင် ဘုရားရင်ပြင်တော်တွင် ဝါဦးကာလ ဆွမ်းလောင်းလှူပွဲ ကျင်းပပြီး ထူးခြားမှုမှာ ညောင်ရွက်ကို ခွက်ပုံစံထိုး၍ ဆွမ်းဟင်းလျာများထည့်၍ လောင်းလှူနေသည်ကို တွေ့ရသည်။
အလားတူ ပခုက္ကူမြို့ပေါ်ရှိ သီဟိုဠ်ရှင် မြတ်စွာဘုရားကြီး၊ ရွှေမုဋ္ဌောဘုရာကြီးစသည့် ဘုရားကျောင်း ကန်များတွင်လည်း အလှူဒါနပြုကြသူများဖြင့်စည်ကားလျှက်ရှိသည်။
ဆရာတော်၊ သံဃာတော်များ မကြာမီ ဝါတွင်းကာလ ရောက်မည်ဖြစ်၍ ဝါဆိုသင်္ကန်းများလည်း နေရာဒေသအသီးသီးတွင် ကပ်လှူလျှက်ရှိကြောင်း သိရသည်။
ကိုဇော်(ဓာတု)


