မန္တလေး ၁၆ ဇူလိုင်

 

ဝါဆိုလပြည့်ဓမ္မစကြာအခါတော်နေ့သည် ဗုဒ္ဓဘာသာဝင်တို့၏ အထွဋ်အမြတ် ထားသည့် နေ့တစ်နေ့ဖြစ်သည်နှင့်အညီ ယနေ့တွင် မန္တလေးမြို့ပေါ်နှင့် အနီးပတ်ဝန်း ကျင်ရှိ တန်ခိုးကြီးဘုရားပုထိုးစေတီတော်များ၊ ဘုန်းတော်ကြီးကျောင်းများ၌ ဗုဒ္ဓဘာသာဝင် ရဟန်းရှင်လူပြည်သူအပေါင်းတို့သည် နံနက်အရုဏ်တက်ချိန်မှစ၍ ဓမ္မစကြာအခါ တော်နေ့ ပူဇော်ပွဲ၊ ဝါဆိုဝါကပ်ပွဲ၊ ဝါဆိုပန်း၊ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း ၊ ဆွမ်း လောင်းလှူဒါန်းခြင်း၊ ဇီဝိတဒါနဘေးမဲ့လွှတ်ခြင်းစသည့် ကုသိုလ်ကောင်းမှု ပြုသူ များဖြင့်  စည်ကားလျက်ရှိသည်။

 

1

 

ထို့ပြင် မြို့ရွာအနှံ့ ရပ်ကွက်အသီးသီးရှိ ဓမ္မာရုံများတွင်ဝါဆိုသင်္ကန်း၊ ဆွမ်းခဲဖွယ် ဘောစဉ်များကို သံဃာတော် များထံ ဆက်ကပ်လှူဒါန်းကြခြင်း သံဃာတော်များက သီလပေးတရားတော်နှင့် နိဗ္ဗာန်ရောက်ကြောင်း တရားတော်များ ဟောကြားချီးမြှင့် တော်မူခြင်းစသည့် ဒါနကုသိုလ်ကောင်းမှုပြုကြသူများဖြင့် အထူးစည်ကားလျက်ရှိ သည်။

 

မန္တလေးမြို့၏ အထင်ကရဖြစ်သောမဟာမုနိရုပ်ရှင်တော်မြတ်အားယနေ့ နံနက် ၄ နာရီက ရေတော် ဆရာတော်ဘဒ္ဒန္တဥက္ကဌအရှင်သူမြတ် အမှူးပြု၍ မျက်နှာသစ်တော် ဝတ်အဖွဲ့က မျက်နှာသစ်တော်မူပြီး ရွှေသင်္ကန်းကပ်လှူကာ ဆွမ်းရေချမ်း ဝါဆိုပန်း ကပ်လှူပူဇော်ကြသည်။ အနယ်နယ်အရပ်ရပ်မှ ဗုဒ္ဓဘာသာဝင်သူတော်စင် ရဟန်းရှင် လူပြည်သူအပေါင်းတို့ကလည်း မဟာမုနိရုပ်ရှင်တော်မြတ်အား ရွှေသင်္ကန်းကပ်လှူခြင်း၊ ဆွမ်းရေချမ်းပန်းကပ်လှူပူဇော်ခြင်း ဆီမီးပူဇော်ခြင်း၊ ရေသပ္ပာယ်ခြင်း၊ ငါးကန်တွင် ငါးလွှတ်ခြင်း၊  အစာကျွေးခြင်းများအပြင် ဥပုသ်သီတင်းသီလဆောက်တည်၍ တရား ဘာဝနာအားထုတ်သူများ၊ ဘာသာရေးလူမှုရေး ဝတ်အသင်းအဖွဲ့များက ဓမ္မစကြာ ဝတ်ရွတ်ပူဇော်ခြင်းတို့ကို အဖွဲ့လိုက်၊ မိသားစုလိုက်၊ အေးချမ်းပျော်ရွှင်စွာ ကုသိုလ် ပြု ကြခြင်းဖြင့် စည်ကားလျက်ရှိသည်။

 

ယနေ့ နံနက် ၆ နာရီတွင် မန္တလေးမြို့ လမ်း ၈၀ ရှိ ယူနန်ဗုဒ္ဓဘာသာဘုရား ကျောင်းရှေ့တွင် ဂေါပကအဖွဲ့မှဦးဆောင်မှုဖြင့် အလှူရှင်များစုပေါင်း၍ မစိုးရိမ်ကျောင်း တိုက်မှ သံဃာတော် ၂၅၀ ပါးတို့ကို ဆွမ်း၊ စာရေးတံ၊ ဆွမ်းဆန်တော်နှင့် ဒါတဗ္ဗဝထ္ထု ပစ္စည်းများ လောင်းလှူကုသိ်ုလ်ပြုကြသည်။

 

1

 

အလားတူ  နံနက် ၈ နာရီတွင်လည်း မန္တလေးတက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ အမှူးပြုသော ဆရာဆရာမများ ကျောင်းသူ ကျောင်းသားများ ဝန်ထမ်းများစုပေါင်း၍ ဝါဆိုသင်္ဃန်းကပ်လှူပွဲနှင့် ဝါတွင်းဥပုသ်သီတင်း သီလပွဲကို မန္တလေးတက္ကသိုလ် ဓမ္မာရုံတွင်ကျင်းပရာ ကြွရောက်လာသော ပရိတ်သတ်များက စဉ့်ကိုင်မြို့၊ မေတ္တာစွမ်းရည် ရွှေသိမ်တော်ဆရာတော်အရှင် စန္ဒိမာထံမှ ကိုးပါးသီလခံယူ ဆောက်တည်ကြပြီး ဝါဆိုသင်္ဃန်း၊ လှူဖွယ်ဝတ္ထုအစုစုတို့ကို ဆရာတော်အား ဆက်ကပ် လှူဒါန်းကာ အနုမောဒနာတရား နာကြားကြပြီးနောက် လှူဒါန်းမှုကောင်းမှု ကုသိုလ် အစုစုတို့အတွက် ရေစက်ချအမျှပေးဝေကြသည်။

 

ထို့ပြင် အရှေ့ပြင်လုံးဆိုင်ရာ မဟာလောကရန်နှိမ် အောင်တော်မူဆုတောင်း ပြည့်ဘုရား၊ ချမ်းသာကြီးချမ်းသာရဘုရား၊ စန္ဒာမုနိကုသိုလ်တော်ဘုရား မန္တလေးတောင် တော် အတုမရှိရွှေကျောင်းတော်ကြီး၊ ဆုတောင်းပြည့်ဆုတောင်းရဘုရား၊ ဘုရားနီ၊ တဝဂူဘုရား၊ ရွှေကျီးမြင်ဘုရား၊ စွယ်တော်မြတ်စေတီတော်၊ နန်းမြို့ဆုတောင်းပြည့် ဘုရား၊ ဝေရောစနကျောက်စိမ်းစေတီတော်၊ မြတ်ဝါခင်းကုန်းဘုရားအပါအဝင် ဘုရား ပုထိုးစေတီတော်များတွင် ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ အခမ်းအနားကို စည်ကားသိုက်မြိုက်စွာကျင်းပခြင်း၊ဆရာတော်များက သီလပေးတရားနှင့် နိဗ္ဗာန်ရောက် ကြောင်းတရားတော်များကို ဟောကြားချီးမြှင့်တော်မူခြင်းများ ဆောင်ရွက်ကြသည်။  အဆိုပါ ဘုရားများသို့ အနယ်နယ်အရပ်ရပ်နှင့်မန္တလေးမြို့ပေါ်မှ ဘုရားဖူးလာပြည်သူ များဖြင့် စည်ကားလျက်ရှိပြီး စေတနာရှင်အလှူရှင်များက စတုဒီသာကျွေးမွေး လှူဒါန်း ဒါန ပြုကြသည်။

 

မန္တလေးနန်းမြို့မြနန်းစံကျော်ရွှေနန်းတော်နှင့် ယဉ်ကျေးမှုပြတိုက်၊ ကမ်းနားလမ်းရှိ မြို့တော်ဥယျာဉ်၊ ကျုံးမြောက်ဘက်ရှိ ရတနာပုံဥယျာဉ်နှင့် ပုသိမ်ကြီးမြို့နယ်ရှိ အပန်း ဖြေစခန်းများ၊ အမရပူရရှိ ဦးပိန်တံတား တောင်သမန်အင်းတို့သို့လည်း အနယ်နယ် အရပ်ရပ်မှ လာရောက်အပန်းဖြေအနားယူသူများဖြင့် စည်ကားလျက်ရှိသည်။

 

ထို့ပြင် မန္တလေးမြို့ရှိ ဆေးရုံများ၌ဆေးကုသမှုခံယူလျက်ရှိသော လူနာများနှင့် လူနာစောင့်များကို အနောက်ခင်မကန်တိုက် မြကုန်းကျောင်း၊ ဂိလာနပါလဆန်ပြုတ်နှင့် ရေသန့်အလှူအသင်းမှ ဦးဆောင်၍ အလှူရှင်မိသားစုတို့က ညနေစာ ထမင်းဟင်းများ စားသောက်ဖွယ်ရာများ၊ ဆန်ပြုတ်နှင့် ရေသန့်၊ အချိုရည်ဘူးများကို အာဟာရ ကုသိုလ်ပြုလှူဒါန်းကြသည်။  

 

တင်မောင်မန်းကိုယ်ပွား