သတင်းဆောင်းပါး - အောက်စ်ဖို့ဆရာတော် ပါမောက္ခဒေါက်တာဓမ္မသာမိ
ယခုအချိန်က ဝါဆိုခါနီး သင်္ကန်းတွေ ဆက်ကပ်ကြတယ်။ ဝါဆိုသင်္ကန်းစတင်ဆက်ကပ်တဲ့ နှစ် ၂၆၀ဝ ကျော်က အခြေအနေတွေက အခုခေတ် ဘုန်းကြီးတို့ရဲ့သဘာဝပတ်ဝန်းကျင်၊ လူမှုရေး ပတ်ဝန်းကျင်နှင့်စီးပွားရေးပတ်ဝန်းကျင်တွေနဲ့ ကွာတယ်။
ဟိုးခေတ်တုန်းက ဒီလောက်လည်းပဲ လူဦးရေ မထူထပ်သေးဘူး။ နောက်ပြီးတော့ ရဟန်းတော်တွေက အမြဲတမ်း ကျောင်းမှာ အများစုသီတင်းသုံးနေတာ မဟုတ်ဘူး။ တစ်နှစ်တစ်နှစ်ကို ခရီးထွက်တဲ့ အချိန်က ပိုများတယ်။ ဗုဒ္ဓမြတ်စွာဘုရားခေတ်တုန်းက တရားကျင့်တယ်ဆိုရင်လည်း တရားကျင့်ဖို့ ဒီလိုတစ်နှစ်ပတ်လုံး ထားတဲ့ရိပ်သာတွေ မရှိသေးဘူး။ တရားထိုင်ဖို့နည်းလမ်း တွေရပြီဆိုရင် ကိုယ့်ဟာကိုယ် လူသူဆိတ်သုဉ်းတဲ့နေရာ သွားနေပြီးတော့ ရဟန်းတော်တွေ တရားကျင့်ကြတယ်။
ဆိုလိုတာက တရားကျင့်ဖို့ ခရီးထွက်တာ ပိုများတယ်။ အခုခေတ်ကျတော့ ကျောင်းမှာနေတာ ပိုများတယ်။ ဗုဒ္ဓခေတ်က ဆရာတော်တစ်ပါးက ခရီးထွက်တယ်ဆိုရင် သူ့တပည့်တွေလည်း လိုက်ပြီးတော့ အတူတူထွက်တယ်။ ရောက်တဲ့နေရာမှာ စာသင်တယ်၊ ရောက်တဲ့နေရာမှာ တရားပေး၊ တရားထိုင် အလုပ်လုပ်တယ်။ ရွေ့လျား ကျောင်းတိုက်၊ ရွေ့လျားရိပ်သာပုံစံမျိုးဖြစ်ပါတယ်။ ခရီးသွားတဲ့အတွက် ကြောင့်မို့လို့ မိုးဝင်ခါနီး တစ်ကြိမ်၊ နောက်ပြီး မိုးကုန်ခါနီးတစ်ကြိမ်လို အချိန်မျိုးမှာဆိုရင်သင်္ကန်းက မလုံလောက်ဘူး။ သင်္ကန်းရှားပါးတဲ့ခေတ်မှာ သင်္ကန်းသုံးထည်ပဲရှိကြတော့ မိုးတွင်းမှာလဲဖို့၊ ပြုဖို့မလုံလောက်တဲ့အခါကျတော့ မိုးရေခံသင်္ကန်းဆိုတာ အပိုတစ်ထည် မြတ်စွာဘုရားက ခွင့်ပြုတယ်။
ဒါကိုပဲ ဝဿိက သာဋိက ရေစိုခံသင်္ကန်း မိုးတွင်းမှာလဲဖို့အတွက် အပိုသင်္ကန်းတစ်ထည်လို့ခေါ်တာ။ သင်္ကန်းရှာဖွေချုပ်ဖို့ မြတ်စွာဘုရားက အချိန်ပေးတာကတော့ ဝါကျွတ်တဲ့အချိန်မှာဆိုရင် ကထိန် သင်္ကန်းလို့ခေါ်တယ်။ အဲဒါလည်း မိုးအပြီးမှာ မိုးတွင်းက ပျက်စီးသွားတဲ့သင်္ကန်းကို ပြန်အစား ထိုးဖို့အတွက်ပါ။ လူအများစု ရှားရှားပါးပါးနေရတဲ့ခေတ်ဖြစ်သည့်အလျောက် မြတ်စွာဘုရားက ရဟန်းတော်တွေကိုမိုးရေခံသင်္ကန်းအတွက် အလှူခံထွက်တယ်ဆိုရင် မိုးရေခံသင်္ကန်းတစ်ထည်ပဲ ခွင့်ပြုတော်မူတယ်။ ကထိန်သင်္ကန်းလည်း တစ်ထည်ပဲ ခွင့်ပြုတယ်။ အခုတော့ အစုံလိုက် လှူကြတာပေါ့။ အခုခေတ်ကျမှ ဖြစ်ပေါ်လာတဲ့ပြောင်းလဲမှုပါ။ အဝတ်အစား ပိုမိုပေါများတဲ့ လူမှုစီးပွား ရေးပတ်ဝန်းကျင်ရဲ့ ထင်ဟပ်မှုတစ်ခုပါပဲ။ ဝိနည်းအရ ဆိုရင်တော့ အစုံလိုက်လှူတဲ့ သင်္ကန်းက မိုးရေခံသင်္ကန်း မဟုတ်တော့ဘဲ ဝါဆိုသင်္ကန်းဖြစ်သွားပါတယ်။ ဝါဆိုသင်္ကန်းနှင့် မိုးရေခံသင်္ကန်း ထူးခြားပုံကို ဆရာတော်အရှင်ပညာသီဟာဘိဝံသ (တရားဦးဓမ္မစကြာ) က သူ့ရဲ မိုးရေခံသင်္ကန်းနဲ့ ဝါဆိုသင်္ကန်းဆောင်းပါးမှာ ရှင်းပြ ထားပါတယ်။
ဘုန်းကြီးတို့ ငယ်ငယ်တုန်းက စာသင်တိုက်မှာဆိုရင်ဝါဆိုသင်္ကန်းရော၊ မိုးရေခံသင်္ကန်းရော မရှိပါဘူး။ စာသင်ကောင်းတဲ့ စာသင်တိုက်တွေမှာဆိုရင် သံဃာများတဲ့အခါ ကျတော့ သံဃာအပါး သုံး၊ လေးရာ တချို့ဆိုရင် တစ်ထောင်အထက် ကထိန်သင်္ကန်းအပါးစေ့လည်း မတတ်နိုင်ကြပါဘူး။ စာချဘုန်းကြီး ဖြစ်မှ ကထိန်သင်္ကန်းဒွိစုံ အပြည့်တစ်စုံ၊ ဝါဆိုသင်္ကန်းတစ်စုံရတာ။ ဆိုလိုတာက ပစ္စည်း ရှားပါးမှုဆိုတာ ကမ္ဘာပေါ်မှာ အမြဲတမ်းရှိတယ်။ အခုတော့အဝတ်အစားတွေ အလွန်ပေါတယ် ပြောတယ်။ ဘယ်လောက်အထိ၊ ဘယ်အချိန်အထိ ပေါနိုင်မှာတုံးဆိုတာ စဉ်းစားစရာပါ။ အဝတ်အစားတွေ လုပ်ဖို့အတွက် လိုအပ်တဲ့ကုန်ကြမ်းတွေ ဥပမာ သစ်ပင်ဆိုရင် အရင်ကထက်အများကြီး ပိုနည်းသွားပြီ။
လေယာဉ်စီးတဲ့အခါမှာ ရန်ကုန်မြို့ကို လေယာဉ်ပေါ်ကကြည့်ရင် ရန်ကုန်မြို့နားမှာရှိတဲ့ သစ်ပင်အရေအတွက်ဟာ ရန်ကုန်မြို့ထဲမှာရှိတဲ့လူတွေ အင်္ကျီအဝတ်အစားတွေလုပ်ဖို့အတွက် မလုံလောက်ပါဘူး။ အိမ်ဆောက်ဖို့ဆိုတာတော့ ဝေးရော။ အဲဒါကြောင့် ရန်ကုန်မြို့သူမြို့သားတွေက တခြားနယ်တွေမှာရှိတဲ့ သစ်ပင်တွေကိုသွားပြီးအသုံးပြုရတယ်။ ခပ်ကြမ်းကြမ်းပြောရင်တော့ ရွေးချယ်စရာမရှိလို့ exploit လုပ်ရတယ်။ အာဏာ ပိုရှိတဲ့လူ၊ ပိုက်ဆံပိုရှိတဲ့လူ၊ အသိဉာဏ်ပိုရှိတဲ့လူတွေက အဲဒီလိုပဲ တခြားနေရာက သယံဇာတတွေ သွားရောက်ရယူအသုံးပြုကြရတယ်။ ဥရောပတိုက်၊ အမေရိက တိုက်တို့က တခြားနိုင်ငံတွေကိုသွားပြီးတော့ အဲဒီလို exploit လုပ်တာ ကိုလိုနီလုပ်တယ်ခေါ်တယ်။ စစ်ရေးနဲ့ ကိုလိုနီလုပ်တာရှိတယ်၊ စီးပွားရေးနဲ့ ကိုလိုနီ လုပ်တာရှိတယ်၊ အဲဒီလိုနဲ့ သစ်ပင်တွေ၊ သယံဇာတတွေ ကုန်သွားတယ်။ အင်္ဂလန်နိုင်ငံက သူတို့ဟာသူတို့ သစ်ပင်တွေခုတ်ပြီးတော့ သစ်ပင်တွေပြုန်းသွားတဲ့အချိန်မှာ ကပ်ဆိုက်တယ်။ သစ်ပင်မဲ့ရာကနေ မြေဆီလွှာပါပြုန်းလာတော့ စိုက်ဖို့ပျိုးဖို့ခက်ခဲသွားတာပေါ့။ သစ်ပင်မရှိဘူးဆိုရင် မြေဩဇာ၊ မြေဆီလွှာကလည်း ခဏလေးနဲ့soil erosion မြေဆီလွှာတိုက်စားမှုဆိုတာ ဖြစ်တယ်။
အဲဒီ ငတ်မွတ်ခေါင်းပါးဘေးကြောင့် တခြားနိုင်ငံမှာ ပစ္စည်းဥစ္စာတွေ သွားရှာရင်းနဲ့ ဥရောပတိုက်သား တွေကိုလိုနီလုပ်ဖြစ်သွားတာ။ အခု တခြားတစ်နိုင်ငံမှာရှိတဲ့ပစ္စည်းကို တခြားတစ်နိုင်ငံပို့ဖို့အတွက် သင်္ဘောတွေ၊ လေယာဉ်တွေ၊ ကားအကြီးကြီးတွေ၊ ရထားတွဲအရှည်ကြီးတွေ လုပ်တယ်။ သယံဇာတ အသင့်အတင့် ကျန်နေပေမယ့်စီးပွားရေးအရ မွဲတေတဲ့နိုင်ငံတွေ အနိုင်ကျင့်ခံရတာပဲ။
ဒါနဲ့ပတ်သက်ပြီးတော့ ဘုန်းကြီးပြောချင်တာက မိုးရေခံသင်္ကန်း၊ ဝါဆိုသင်္ကန်း၊ ကထိန်သင်္ကန်းတွေကို အကြောင်းပြုပြီးတော့ ဗုဒ္ဓတရားတော်က သင်ပေးတ စားသုံးသူ အသိဉာဏ်ပါ။ လူတိုင်း လူတိုင်းက စားသုံးသူတွေချည်းပဲ။ အစာစားရတယ်၊ မစားဘဲနဲ့မနေနိုင်ဘူး၊ ဒီခန္ဓာကိုယ်က ဝတ်ရတယ်၊ မဝတ်ဘဲ မနေနိုင်ဘူး။ ရာသီဥတုဒဏ်တွေခံနိုင်အောင် နေစရာထိုင်စရာ ဆောက်ရတယ်။ အခြေခံလိုအပ် ချက်ပါပဲ။ အဲဒါကိုစားဝတ်နေရေးလို့လည်း ခေါ်တယ်။ စားဖို့ရယ်၊ ဝတ်ဖို့ရယ်၊ နေဖို့ရယ် သုံးခုပါ။
နောက်တစ်ခုက ကျန်းမာရေး၊ နေမကောင်းဘူးဆိုရင်သုံးဖို့အတွက် ဆေးဝါးလိုအပ်တယ်။ အဲဒီလေးခုကို အလှူ့ဒကာရှုထောင့်ကနေပြီးတော့ ဘုန်းကြီးတွေကိုကြည့်ရင် ပစ္စည်းလေးပါးဆိုပြီး တော့ခေါ်တယ်။ ပစ္စည်းဆိုတာ အထောက်အပံ့ကိုပြောတာ၊ အထောက်အကူပြုတဲ့ ပစ္စည်း လေးမျိုးလို့ အဓိပ္ပာယ်ရတယ်။ အဲဒီပစ္စည်းလေးပါးကိုလူတွေလည်း ကိုယ်တိုင်ရှာဖွေသုံးရပါတယ်။ ကိုယ်တိုင် စားစရာသောက်စရာ ဝယ်ပြီးတော့စားရတယ်။ နေစရာ ထိုင်စရာရှိအောင်လို့ တစ်ခါတည်း ကြိုးစား ပိုက်ဆံရှာ အိမ်ဆောက်ကြတယ်။ ဆေးဆိုလည်း အိမ်မှာရော ဆေးရုံ၊ ဆေးခန်းမှာပါ ရှိတယ်။ သံဃာတော်တွေရဲ့ပစ္စည်းလေးပါးကိုလူတွေအသုံးပြုတာကျတော့ စားဝတ်နေရေး ကျန်းမာရေး ဆိုပြီး ဝေါဟာရအသုံးအနှုန်းဖြစ်သွားတယ်။ အနှစ်သာရ အတူတူပဲ။
ဗုဒ္ဓသာသနာ့ဘောင်မှာ ကိုရင်၊ ရဟန်းဝတ်တယ်၊ ဆရာလေးဝတ်တယ်ဆိုရင် ပထမဆုံးသင်ပေးတဲ့ သင်ခန်းစာကို ပစ္စဝက္ခဏာလေးပါးလို့ခေါ်တယ်။ ပစ္စဝက္ခဏာဆိုတာက ဆင်ခြင်မှုပါပဲ။ စဉ်းစား ဆင်ခြင်ရမည့်အရာလေးမျိုး (၁) ဆွမ်းစားခါနီး (၂) သင်္ကန်း လဲဝတ်ခါနီး (၃) ကျောင်းကိုအသုံးပြုတဲ့ နေ့တိုင်းနေ့တိုင်း နေစရာထိုင်စရာ အသုံးပြုတိုင်း (၄) ဆေးပစ္စည်း အသုံးပြု တဲ့အခါတိုင်း ဆင်ခြင်ရတယ်။ နေ့စဉ်လုပ်ရပါတယ်။ ရည်ရွယ်ချက်ကတော့ စားသုံးသူတစ်ဦးရှိရမည့် အသိတရားပဲ။ ပစ္စည်းအသုံးပြုတဲ့နေရာမှာ၊ အစားအစာ စားသုံးတဲ့နေရာမှာ အသိဉာဏ်ရှိဖို့တဲ့။ လူတွေများ ဆယ်တန်းတွေအောင်၊ ဘွဲ့တွေရတယ်။ တချို့က Master တွေ၊ Ph.D တွေရတယ်။ ဒါပေမယ့် စားသုံးမှုဆိုင်ရာ နဲ့ပတ်သက်ပြီး သူတို့မှာ အသိဉာဏ်မရှိဘူး။ လိုအပ်တာထက် ပိုသုံးတယ်။ သူတို့ပိုသုံးတဲ့အခါကျတော့ သစ်ပင်တွေပိုပြီးတော့ ပြုန်းတယ်။ နောင်လာနောက်သားတွေ အသုံးပြုဖို့အတွက်တချို့နေရာဆို မကျန်သလောက်ပါပဲ။
အခုမြန်မာနိုင်ငံမှာ အဝီစိတွင်း အတော်သုံးကြပါ တယ်။ ဒါ မြေအောက်ရေကို အသုံးပြုနေတာ။ သူက အတိုင်းအတာမဲ့ မဟုတ်ပါဘူး။ ရေလည်း အတိုင်းအတာ ရှိတယ်။ ဘာဖြစ်လို့ မြေအောက်ရေကို သုံးတာတုံး။ မြေပေါ်ရေက ကုန်သလောက်ရှိနေပြီလေ။ ဒီအကြောင်းတွေကို သိပ္ပံပညာရှင် တွေရေးထားတာ အများကြီး ရှိပါတယ်။ မြန်မာပြည်ရဲ့ရေအကြောင်းရေးထားတာ အချက်အလက်တွေလည်းရှိတယ်။ မြေအောက်ရေ အရင်းအမြစ်ကလည်း တစ်နှစ် တစ်နှစ်ကို ဘယ်လောက်လျော့သွား တယ်ဆိုတာ သိရှိကြပါတယ်။ ကိုယ်က အသစ်မဖြည့်ပေးနိုင်ဘူးဆိုရင်၊ ကောင်းကင်ပေါ်ကနေ ကျလာတဲ့ရေကို မြေအောက်ရောက်အောင် ကိုယ်လုပ်ပေးနိုင်တဲ့နည်းတွေမရှိဘူးဆိုရင် မြေအောက်က ရေလည်း နည်းသွားမှာပေါ့။ တစ်နေ့ကျ ကုန်သွားမှာပေါ့။
ရှားပါးမှုသီအိုရီဆိုတာ စီးပွားရေးပညာရပ်မှာရှိတယ်။ အဲဒီရှားပါးတဲ့သီအိုရီကြောင့်မို့လို့ ရှိတဲ့ပစ္စည်းကို မျှဝေသုံးစွဲလုပ်နိုင်အောင်ဆိုပြီးတော့ တီထွင်ထားတဲ့ပညာကိုစီးပွားရေးပညာခေါ်တာပဲ။ အင်္ဂလန်မှာ မိုးရေပဲသုံးတယ်။ မြေအောက်ရေကို မသုံးရသေးဘူး။ မြေပေါ်ရေ အပြည့်အစုံရှိတယ်။ ခရိုင်အလိုက် မိုးရေခံတဲ့နေရာတွေ လုပ်ထား တယ်။ အဲဒီဟာကိုပြန်ပြီးတော့ သန့်စင်မှုလုပ်တယ်။ အိမ်အထိ ပိုက်သွယ်ဖို့ပေးတဲ့ သောက်သုံးတဲ့ရေ၊ အိမ်တိုင်း အိမ်တိုင်း ပန်းပင်ရေလောင်းဖို့ရေ အဲဒီကနေလာ တယ်။ မိုးရေကို လုံလောက်အောင် သိုလှောင်ထားကြတာ။ အဲဒီတော့ တကယ်လို့ မိုးတွင်းမှာ ရေကြီးပြီးတော့ နွေကျတော့ရေခန်းနေတယ်ဆိုရင် ရေနဲ့ပတ်သက်ပြီးတော့ စားသုံးသူရဲ့အသိဉာဏ် လိုနေပါတယ်။
ဒါကြောင့် မြတ်စွာဘုရားက ပစ္စည်းတစ်ခုကို အသုံး ပြုခါနီးမှာ အသုံးပြုတဲ့ရည်ရွယ်ချက်ကို အရင်တွေးပါတဲ့။ အဲဒါကိုပဲ ပစ္စဝက္ခဏာ ခေါ်တယ်။ သင်္ကန်းတို့၊ အဝတ်အစား တို့ဝတ်တယ်ဆိုရင် (၁) အအေး၊ အပူရာ သီဥတုကာကွယ်ဖို့ အတွက် ဝတ်ပါတယ်၊ အိန္ဒိယနိုင်ငံနဲ့ အရှေ့အလယ်ပိုင်း ဒေသတို့လိုရာ သီဥတုအရမ်းပူတဲ့နေရာဆိုရင် အဝတ် အစားကိုပိုပြီးတော့ခြုံတယ်၊ ယဉ်ကျေးမှုတောင် ဖြစ်သွားပါတယ်။ ချမ်းတဲ့နိုင်ငံကျတော့လည်း ခြုံရပြန် တယ်။ (၂) အကောင်သေးလေးတွေ ဥပမာ - မှတ်၊ ခြင်၊ ယင် တွေကိုကာကွယ်ဖို့အတွက်လည်း ဝတ်ရပါတယ်။ (၃) အရှက်ကာကွယ်ဖို့အတွက် လည်း ဝတ်ရပါတယ်။ အားလုံးပေါင်း ရည်ရွယ်ချက် သုံးခုပါ။
အဲဒီရည်ရွယ်ချက်သုံးခုနဲ့ ဝတ်တယ်ဆိုရင်ကိုယ့်အိမ်ဘေးနားကလူက ဘာတံဆိပ်ဝတ်တယ်ဆိုတဲ့ အတွေးအမြင် ကိုယ့်ခေါင်းထဲလာပြီးတော့ ဒုက္ခမပေးတော့ဘူး။ ဒါကို education of consumption လို့ပြောတာနော်။ နောက်ပြီးတော့ စားတဲ့နေရာမှာလည်း ဒီခန္ဓာကိုယ်က လိုအပ်ချက်ဖြည့်ပေးဖို့ပါ။ ဒီခန္ဓာကိုယ်ဗိုက်ဆာလို့ဖြစ်တတ်တဲ့ရောဂါဝေဒနာ၊ အာဟာရမပြည့်စုံလို့ ဖြစ်တတ်တဲ့ရောဂါဝေဒနာ တွေကို ပယ်ဖျောက်ဖို့အတွက် စားပါတယ်။ ဒီအသိနဲ့ဆိုရင် ဗီတာမင်၊ ပရိုတင်း၊ သံဓာတ်၊ ဂလူးကို့စ်၊ ဖိုင်ဘာစသည်ဖြင့် တွေးပြီး စားမှာပါ၊ အရသာနောက်ကို မလိုက်တော့ဘူး၊ မတည့်တာလည်း မစားဘူး။ ဘာအတွက် မစားတာတုံးဆိုတော့ ပျော်မြူးဖို့အတွက် မစားပါဘူး။ နောက်ပြီးတော့ မာန်မာနအတွက်မစားပါဘူး။ ဥပမာ-ဘယ်သူကတော့ ဈေးကြီးတဲ့ဂျပန်ဆိုင်သွားစားပြီး ဖေ့စ်ဘွတ်ပေါ် တင်တယ်။ ကိုယ်က မခံချင်ဘူး သွားစားလိုက်ဦးမယ်ဆိုရင် ပြိုင်ဆိုင်မှုအတွက်စားတာ ဖြစ်သွားပြီ။ စားသောက်တဲ့ရည်ရွယ်ချက်က မမှန်တော့ဘူး။ အဲဒီမှာ စားသုံးသူရဲ့education နည်းသွားပြီ။ ခန္ဓာကိုယ်က တည့်တာ၊ မတည့်တာ အပထား၊ ဟိုဘက်လူက သွားစားတော့ ကိုယ်ကသွားစားမှ လူဝင်ဆံ့မယ်ဆိုတဲ့အမြင်က ကြီးစိုးလာတယ်။ အမြင်မမှန်လို့ စိတ်ဖိစီးမှု၊ လူမှုရေးဖိအား အလိုလိုပေါ်လာတယ်။
ဘယ်သူက ဘာတံဆိပ်ဝတ်လို့ ကိုယ်က ဘာဝတ်လိုက်မယ်ဆိုပြီး မခံချင်တဲ့အနေနဲ့ အဲဒီလိုစိတ်နဲ့ ဝတ်ရင်ရည်ရွယ်ချက်က မမှန်တဲ့အတွက်ကြောင့်မို့လို့ဝတ်တဲ့အဝတ်အစားက တစ်ကြိမ်ပဲခံပါတယ်။ တကယ်လို့ရည်ရွယ်ချက်ကို ဗုဒ္ဓမြတ်စွာဘုရားမိန့်တဲ့အတိုင်း ရာသီဥတုအအေး၊ အပူရာသီဥတု ကာကွယ်ဖို့၊ နောက် ခြင်တွေပိုးကောင်အသေးလေးတွေ ကာကွယ်ဖို့၊ အရှက်ကာကွယ်ဖို့ဝတ်ပါ တယ်ဆိုရင် အဝတ်အစားတစ်စုံက သူအကြာကြီး ဝတ်လို့ရတယ်။ ရည်ရွယ်ချက်ကွာတာနဲ့ ကိုယ်ရဲ့ အပြုအမူကလည်း ကွာသွားတယ်။ အဲဒီရည်ရွယ်ချက်အမှန်ကိုသမ္မာသင်္ကပ္ပလို့ခေါ်တယ်။ လူ့လောက ပြဿနာ နားလည်ပြီး ရလာတဲ့အတွေးအခေါ်မှန်တဲ့ ရည်ရွယ်ချက်က မဂ္ဂင်ရှစ်ပါးထဲမှာ ပါတယ်။ အဲဒီ သမ္မာသင်္ကပ္ပနောက်မှာ လိုက်လာတာက အပြုအမူ သီလပါပဲ။ အဲဒီအပြုအမူက အဖျက်သဘောဆန်မှု ဖြစ်သလား၊ ဒါမှမဟုတ် အပြုသဘောဆန်သလားဆိုပြီး အမြင်မှန်ကနေ အပြုအမူမှန်ဖြစ်အောင် နေထိုင်ခြင်းပါ။
ဒါကြောင့်မို့လို့ မိုးရေခံသင်္ကန်း၊ ဝါဆိုသင်္ကန်း ဆက်ကပ်တဲ့နေရာမှာရော ကထိန်သင်္ကန်း ဆက်ကပ်တဲ့ နေရာမှာပါ ဆရာဒကာအားလုံး စားသုံးသူများဖြစ်သည့်အလျောက် ကျယ်ကျယ်ပြန့်ပြန့်တွေးရမှာ ဖြစ်ပါတယ်။ မြတ်စွာဘုရားက အလှူဒါနလုပ်ဖို့အတွက် တစ်ခုတည်း ဟောထားတာ မဟုတ်ဘူး။ စားသုံးသူတစ်ယောက်အနေနဲ့ဘယ်လိုအသိဉာဏ်တွေနဲ့ ပြည့်စုံရမယ်ဆိုတာကိုလည်း ဝါဆို၊ ကထိန်သင်္ကန်း ခွင့်ပြုရင်းနဲ့ ဟောထားတယ်။ ဒီအသိဉာဏ်တွေရှိတယ်ဆိုရင် ဘုန်းကြီးတို့က သစ်ပင် ခုတ်ဖို့အတွက် စက်တွေရှိပေမယ့် အကုန်မခုတ်ဘူး။
ဘာဖြစ်လို့တုံးဆိုတော့ နောင်လာနောက်သားတွေအတွက် တွေးလို့ အတ္တဆန်ဆန်စိတ်တွေ သိပ်မဖြစ် တော့ဘူး။ မြေအောက်မှာရှိတဲ့ သယံဇာတတွေအခုခေတ်မှာ အကုန်လုံးသုံးပစ်ပြီး နောင်လာနောက်သားတွေအတွက် မထားတော့ဘူးဆိုရင် ကိုယ်ကျိုး အတော်ဆန်တဲ့ခေတ် ဖြစ်သွားမယ်။
Education of consumption အိုင်ကျူ အီးကျူ အသိဉာဏ်မြင့်မားစွာ စားသုံးနည်းကို စားသုံးသူတစ်ယောက်ရဲ့ ရည်ရွယ်ချက်တစ်ခုအနေနဲ့ စိတ်ထဲမှာ မှတ်ထားပြီးတော့ အသုံးပြုတိုင်း အသုံးပြုတိုင်း ကိုယ့်ဟာကိုယ် တစ်မိနစ်၊ နှစ်မိနစ် အချိန်ပေးပြီးတော့ငါ ဘာကြောင့် ထမင်းစားတယ်၊ ဘာကြောင့်အဝတ်အစား ဝတ်ရတယ်၊ ဘာကြောင့် အိမ်မှာနေရတယ်၊ ဘာကြောင့်ကျောင်းမှာ နေရတယ်၊ ဘာကြောင့် ကားအသုံးပြုရတယ်ဆိုတာတွေ သတိလေးကပ်ပြီးတော့ ဆင်ခြင်မိရင် ကိုယ့်မှာ ရှိတဲ့ ပစ္စည်းဥစ္စာတွေက အကုန်လုံး လုံလုံလောက်လောက်ရှိနေတာကို တွေ့ကြရမယ်။ အဲဒီလိုမဟုတ်ဘဲနဲ့ လက်တွေ့ကျတဲ့ရည်ရွယ်ချက်တွေကိုမေ့ပြီး ပြိုင်ဆိုင်ဖို့၊ လူ့အဆင့်အတန်း မြင့်ကြောင်း အသိအမှတ်ပြုခံရဖို့ဆိုပြီး ရည်ရွယ်ချက်အသစ်နဲ့ အစားထိုးရင်တော့ စားသုံးမှုပြုတိုင်း စိတ်က စိတ်ခံစားမှုအတက်၊ အကျ အလွယ်တကူဖြစ်နိုင်တယ်။ ဖြစ်လည်း ဖြစ်တယ်။
ကိုယ့်ထက်သာတဲ့လူနဲ့တွေ့ရင် အားငယ်စိတ်၊ သိမ်ငယ်စိတ်ဖြစ်လိုက်၊ ကိုယ့်လောက် အဆင်မပြေ တဲ့လူနဲ့တွေ့တဲ့အခါမှာ ကိုယ့်ကိုယ်ကိုယ် ပြန်သာယာလိုက ္mood swingတွေ အမြဲတမ်းဖြစ်နေမယ်။ ကိုယ့်လောက်မတော်တဲ့လူကိုကြည့်ပြီးတော့ စိတ်ချမ်းသာတယ်ဆိုတာက ကိုယ့်လောက်မတော် တဲ့လူတွေဆီမှာ ကိုယ့်ရဲ့ပျော်ရွှင်မှုသော့ချက်ကို အပ်ထားတာနဲ့တူတယ်။ အဲဒီလိုဆင်းရဲတဲ့ လူမျိုးနဲ့တွေ့တဲ့အခါကျတော့ ကိုယ်စိတ်ချမ်းသာတယ်။ ဒါကြောင့် ကိုယ့်လောက်မတော်တဲ့လူကို အမြဲတမ်းလိုက်ရှာနေရတယ်။ ကိုယ့်ထက်တော်တဲ့လူနဲ့သွားတွေ့ပြန်တော့ စိတ်ထဲမှာ အတော်ကို ခံစားရပြန်တယ်။ ကိုယ့်မှာရှိတဲ့ဟာ မလုံလောက်သလို insufficient ဖြစ်တယ်လို့ ခံစားရတယ်။ ဘာဖြစ်လို့ စိတ်က ဒီလိုဖြစ်နေ တာတုံး၊ စားသုံးသူရဲ့ အသိဉာဏ်မရှိလို့ပါ။
စားသုံးသူရဲ့ မှန်ကန်လက်တွေ့ကျတဲ့ အသိဉာဏ်ရှိရင်ရှိတဲ့စားစရာသောက်စရာတွေ၊ အဝတ် အစားတွေ၊ နေစရာထိုင်စရာတွေ အကုန်လုံးပြည့်စုံပါတယ်။ ဒါကြောင့်ဝါဆိုသင်္ကန်း ဆက်ကပ်တဲ့ အခါမှာ education of consumption သတိရကြဖို့ အရေးကြီးတယ်။ သတိရပြီး ကိုယ့်ဟာကိုယ် ဒီလိုမှန်ကန်ပြီး လက်တွေ့ကျတဲ့ ရည်ရွယ်ချက်တွေနဲ့နေတဲ့ပုဂ္ဂိုလ်က လောကကြီးကိုလည်းပဲ အကျိုးပြုပြီးသားပုဂ္ဂိုလ်ဖြစ်ပါတယ်။ နှစ်ပေါင်း တာရှည်စွာ တိုင်းပြည်အကျိုးပြုတဲ့ပုဂ္ဂိုလ်တွေ ဖြစ်သွားပါတယ်။
မြတ်စွာဘုရားက ဝါဆိုနဲ့ ကထိန်သင်္ကန်း ရှာဖွေအလှူခံ လှူဒါန်းဖို့ အချိန်တစ်လစီပဲ ခွင့်ပြုထားတယ်။ ပြီးတော့ တစ်ထည်စီပဲ ခွင့်ပြုတော်မူတယ်။ သင်္ကန်းဆိုဒ်ကိုလည်း သတ်မှတ်ထားတော်မူတယ်။ ဝါဆိုသင်္ကန်းဆိုရင် အလျား လေးတောင်၊ အနံနှစ်တောင်ခွဲတဲ့။ ပစ္စည်းရှားပါးတဲ့သီအိုရီကို ကရုဏာများစွာ၊ အသိဉာဏ်မြင့်မားစွာနဲ့ သင်ပြ၊ ကိုယ်ကိုယ်တိုင်လည်း နမူနာ လုပ်ပြ သွားတော်မူပါ တယ်။ ဝါဆိုသင်္ကန်း အကြီးကြီးချုပ်လုပ်ကြတဲ့ ဆဗ္ဗဂ္ဂီရဟန်းတွေကို ရှုတ်ချဆုံးမတော်မူသည့်ဗုဒ္ဓရဲ့ ဥပမာကိုသတိရပြီး စားသုံးသူ အသိဉာဏ် ပညာရေး မြင့်မားအောင် ဆောင်ရွက်ကြစို့။ ကရုဏာ အသိနဲ့မျှဝေသုံးစွဲမှုရဲ့ အဒိန္နာဒါန သိက္ခာပုဒ်အတွက် အရေးပါပုံ၊ လူမှုလောက တရားမျှတမှုအတွက် အရေးကြီးပုံတွေကိုဝါဆိုသင်္ကန်းအစဉ်အလာ အစရှိတဲ့ ဗုဒ္ဓဘာသာ ဓလေ့ထုံးတမ်းတွေထဲမှာ ဗုဒ္ဓ လူမှုရေးဒဿနရှုထောင့်ကနေ သုံးသပ်ပြီး မဂ္ဂင်ရှစ်ပါးကို မျက်ခြည်မပြတ်တဲ့ အလှူမျိုး ဖြစ်စေဖို့ တိုက်တွန်းပါတယ်။
အားလုံး ကျန်းမာ ချမ်းသာကြပါစေ။