မလှိုင်  ၃၁ ဇူလိုင်

 

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်တွင် တိုင်းဒေသကြီးအစိုးရအစီအစဉ်ဖြင့် မိုးနှောင်းချည်မျှင်ရှည်ဝါစိုက်ပျိုးမည့် မြောက်ကုန်းကျေးရွာ၊ ကံကြီးကျေးရွာ၊ ရုံးတောကျေးရွာ၊ နတ်စဉ်ကုန်းကျေးရွာတို့မှ တောင်သူများအား ရွှေတောင်(၁ဝ) ဝါမျိုးစေ့ ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့က မြို့နယ်စိုက်ပျိုးရေးရုံး အစည်းဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။   

 

အခမ်းအနားတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်လွင်က အမှာစကားပြောကြားပြီး မြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဦးစန်းယုက ရွှေတောင်(၁ဝ) ဝါမျိုးစေ့ထောက်ပံ့ရခြင်းနှင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့သည်။ 

 

ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ပိုးမွှားတာဝန်ခံ ဒေါ်သန်းသန်းနွယ်က ကန္တာရနှံကောင်နှင့် ကော်ဖီ နှံကောင်တို့၏ အန္တရာယ်အကြောင်းကို ရှင်းလင်းပြောကြားပြီး မျိုးစေ့တာဝန်ခံ ‌ဒေါ်သင်းသင်းနွဲ့က ချည်မျှင်ရှည်ဝါ စိုက်ပျိုးထုတ်လုပ်သည့် နည်းစနစ်များကို ရှင်းလင်းပြောကြားခဲ့သည်။

 

ယင်းနောက် ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်လွင် ၊  စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစန်းယု နှင့် တာဝန်ရှိသူများမှ ဝါစိုက်တောင်သူ(၃၅) ဦးတို့အား တစ်ဧကလျှင် (၃) ပိဿာနှုန်းဖြင့် ဝါပိဿာ ၂၅ဝ ကို အခမဲ့ ထောက်ပံ့ပေးအပ်ခဲ့သည်။

 

အဆိုပါ ရွှေတောင်(၁ဝ) ချည်မျှင်ရှည်ဝါမျိုးစေ့များသည် မလှိုင်မြို့နယ်၊ လယ်ကြီးကျေးရွာတွင် စိုက်ပျိုးထားသည့် မိုးကြိုချည်မျှင်ရှည်ဝါ မျိုးစေ့ထုတ်(၅)ဧကစိုက်ခင်းမှရရှိသော ရွှေတောင်(၁ဝ) ဝါမျိုးသန့် (R.S)မျိုးဖြစ်ကြောင်း သိရသည်။

 

အောင်ဌေး(မလှိုင်)