နေပြည်တော် ၂၆ နိုဝင်ဘာ

ဝေဒနာပေါင်းစုံသက်သာစေရန် ဘက်စုံထောက်ကူ ပြုစုကုသမှုလုပ်ငန်းဆိုင်ရာ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပသည်။

အခမ်းအနားတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်က ကင်ဆာရောဂါဖြစ်ပွားမှုအပါအဝင် နာတာရှည်မကူးစက်နိုင်သော ရောဂါများ ဖြစ်ပွားမှုသည် များပြားလာလျက်ရှိပါကြောင်း၊ ထိုကဲ့သို့ များပြားလာခြင်းနှင့်အတူ ကမ္ဘာ့သက်ကြီးရွယ်အို လူဦးရေများပြားလာခြင်းတို့ကြောင့် ဝေဒနာပေါင်းစုံ ထောက်ကူပြုစုကုသခြင်း Palliative Care ကို လိုအပ်မှုများပြားလာလျက် ရှိပါကြောင်း။

နှစ်စဉ်နှစ်တိုင်းသန်း (၄၀)သော လူဦးရေသည် Palliative Care လိုအပ်မှုရှိနေပြီး လူဦးရေ သန်း (၂၀)သည် ကင်ဆာရောဂါဝေဒနာသည်များ၏ ဘဝနိဂုံးကို ဂုဏ်သိက္ခာရှိစွာ သက်တောင့်သက်သာဖြင့် ဖြတ်သန်းနိုင်ရန် ထောက်ကူပြုစုကုသပေးခြင်း (End of Life Care) လိုအပ်လျက် ရှိနေပါကြောင်း။

Palliative Care ကို အဓိပ္ပါယ်ဖွင့်ဆိုလျင် လူနာ၏ ဘဝအရည်အသွေး (Quality of Life) ကောင်းမွန်စေရန်နှင့် လူနာဝေဒနာခံစားနေရစဉ် သူတို့၏မိသားစုများ ရင်ဆိုင်ကြုံတွေ့ရသည့် အခက်အခဲပြဿနာများကို သိရှိနိုင်စေရန်အတွက် စောစီးစွာ ရှာဖွေဖော်ထုတ်ပေးခြင်းအပြင် နာကျင်မှုအပါအဝင် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ပြဿနာများအတွက်လည်း စမ်းသပ်ကု သမှုပေးခြင်းအားဖြင့် လူနာ၏ဘဝအရည်အသွေး (Quality of Life) ကောင်းမွန်လာစေခြင်း အားဖြင့်လူနာနှင့် လူနာရှင်မိသားစုဝင်တို့ ရင်ဆိုင်ကြုံတွေ့နေရသော အခက်အခဲပြဿနာများကို ပြေလည်သွားစေရန်အတွက် ဆောင်ရွက်ပေးခြင်းဖြစ်ပါကြောင်း။

ယနေ့ကျင်းပသည့် ဆွေးနွေးပွဲတွင် Palliative Care လုပ်ငန်းများကို အရည်အသွေးပြည့်မီစေရန်အတွက် သက်ဆိုင်ရာ ပညာရှင်များကမိမိတို့၏ လုပ်ငန်းဆောင်ရွက်ချက်များကို ထည့်သွင်းဆွေးနွေးကြမှာ ဖြစ်သည့်အတွက် မြန်မာနိုင်ငံ၏ Palliative Care လိုအပ်သည့် လူနာများအားလုံးကို Palliative Care လွှမ်းခြုံမှုရရှိစေရန် ဆက်လက် ဆောင်ရွက်ရမည့် နည်းဗျူဟာများကို ယနေ့ဆွေးနွေးပွဲမှာ ရေးဆွဲနိုင်ရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ယင်းနောက် ဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ပါမောက္ခချုပ် ပါမောက္ခဒေါက်တာရီရီမြင့်၊ ကင်ဆာရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်၊ ကုသစောင့်ရှောက်မှုပေးခြင်းနှင့် ဝေဒနာသက်သာစေသော ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းဆိုင်ရာ လုပ်ငန်းအဖွဲ့မှ ဒုဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ အဖွဲ့ဝင်များဖြစ်ကြသည့် ဂုဏ်ထူးဆောင်ပါမောက္ခများ၊ ပါမောက္ခ/ဌာနမှူးများ၊ ပါမောက္ခများ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး (မကူးစက်)၊ အထူးကုဆရာဝန်ကြီးများ၊ ဒုတိယညွှန်ကြားရေးမှူးများ တက်ရောက်ဆွေးနွေးကြပြီး ဥက္ကဋ္ဌ၊ ဆေးတက္ကသိုလ်(၁) ရန်ကုန် ပါမောက္ခချုပ်၊ ပါမောက္ခဒေါက်တာဇော်ဝေစိုးက Palliative Care နှင့်ပတ်သက်၍ Online မှတစ်ဆင့် အကြံပြုဆွေးနွေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်