ဝေါလေမြိုင် ဩဂုတ် ၉
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေးအတွက် ကြိုတင်ကာကွယ်ရေး အသိပေးချက်များနှင့် ကာကွယ်ဆေးထိုးနှံရေး နှိုးဆော်မှုများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီက မြို့အတွင်းရှိ ရပ်ကွက်များနှင့် လူစည်ကားရာနေရာများတွင် (Hand Speaker) ဖြင့် လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။
ထိုသို့ နှိုးဆော်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ဌာနဆိုင်ရာများ စုပေါင်း၍ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုပြတ်တောက်ပြီး ထိထိရောက်ရောက်ကာကွယ်နိုင်ရန် မိမိနေအိမ်များတွင်သာ နေထိုင်ကြရန်၊ အရေးကြီးကိစ္စကြောင့် ပြင်ပသို့ထွက်ခွာပါက နှာခေါင်းစည်းကို စနစ်တကျတပ်ရန်၊ ပြင်ပမှလာသော ဧည့်သည်များအား လက်မခံပါရန်၊ နှာခေါင်းစည်း မတပ်သူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်းမှ ရှောင်ကြဉ်ရန်၊ လူစုလူဝေးပြုလုပ်ခြင်း နှင့် သွားလာခြင်းများကို ရှောင်ကြဉ်ရန်၊ တစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာနှင့် စက္ကန့် ၂၀ ကြာအောင် စနစ်တကျ ဆေးရန်နှင့် မိမိတို့၌ ရောဂါပိုးကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေး ဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသမှုခံယူရန် စသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေးချက်များနှင့် ကိုဗစ်-၁၉ရောဂါကို ထိထိရောက်ရောက် ကာကွယ်နိုင်ရန်အတွက် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို မဖြစ်မနေထိုးကြရန်ကိုလည်း (Hand Speaker) ဖြင့် လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။
ဝေါလေမြိုင်မြို့တွင် ကိုဗစ်-၁၉ရောဂါ အသိပညာပေးနှိုးဆော်ချက်များနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံကြရန် နှိုးဆော်မှုများကို ဝေါလေမြိုင်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ နေ့စဉ် အသိပညာပေး လိုက်လံနှိုးဆော်လျက်ရှိကြောင်း သိရသည်။
နိုင်မျိုးသင်း(ပြန်/ဆက်)


